မိုင်းလားအဖွဲ့လို့ လူသိများတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) လက်နက်ကိုင်အဖွဲ့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မယ်လို့ NDAA ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးကြည်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက်နည်းလမ်းဖြစ်လို့ ဒုဥက္ကဋ္ဌ ဦးဆောင်ပြီး ဆွေးနွေးပွဲတက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ‘ဝ’ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့ဝင်အနေနဲ့ တက်တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
“ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲဆိုတာ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်တဲ့နည်းနာပဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲ တက်မယ်ဆိုတာ ပြောထားတာပါ။ ကျနော်တို့ကတော့ ကျနော်တို့ လူကြီးတဦးတော့ တက်ပါမယ်။ ဒုတိယ ဥက္ကဋ္ဌ အဆင့်တဦး တက်မှာပါ။”
မိုင်းလားအဖွဲ့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အထူးဒေသ ၄ မှာ နေထိုင်နေတဲ့ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးရဖို့ အဓိကထားဆွေးနွေးသွားမယ်လို့လည်း ဦးကြည်မြင့်က ပြောပါတယ်။
“ဆွေးနွေးတာတော့ အဓိက ကျနော်တို့ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နိုင်ငံတော်ရဲ့ ကူညီမှုရနိုင်အောင် အဲဒီဘက်မှာပဲ ကြိုးစားပြီးတော့ ဆွေးနွေးမှာပါ။ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးနည်းနည်းလေးရရင်လည်း ကျနော်တို့ ပါဝင်ရမှာပဲ။ ဒါဆွေးနွေးပွဲဆိုလည်း အခွင့်အရေးတခုပဲလို့။ တခြားမှာ ဘယ်လောက်ကြီး တခြားလူတွေနဲ့ သူတို့နဲ့ ပဋိပက္ခ ပြင်းထန်ပြင်းထန် ကျနော်တို့လည်း ကြားမှာ ကွဲလွဲမှု ဘယ်လောက်ရှိရှိ ဆွေးနွေးနိုင်တဲ့ နေရာရှိရင် လက်နက်နဲ့ မသုံးဘဲနဲ့ ဆွေးနွေးလို့ ပြေလည်နိုင်မယ့် ကိစ္စရှိရင် ကျနော်တို့ ကြိုးစားမှာပါ။ ပြည်တွင်းမှာတော့ သွေးထွက်သံယိုမှုက သိပ်များလွန်းနေတယ်။ ပြည်သူလူထုက တအားနစ်နာနေတယ်။”
ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ က အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA မိုင်းလားအဖွဲ့ဟာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ အထူးဒေသ ၄ မိုင်းလားဒေသ ဧရိယာဟာ မြို့နယ် ၃ မြို့နယ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လူဦးရေ ၃ သိန်းကျော်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသဖြစ်ပါတယ်။