အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးလွင်ကိုလတ်နဲ့ ဦးရည်မွန်တို့ ပါဝင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း မေ ၄ ရက် မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတန်းအတွင်းဝန် ဒေါ်ကြည်ပြာက လက်မှတ်ရေးထိုးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဆိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှာတော့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေက ဒုတိယ ဥက္ကဋ္ဌတွေအနေနဲ့ ပါဝင်ကြမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွေအသီးသီးက ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြမှာပါ။
ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွေက အရာရှိကြီး တစ်ဦးစီ အဖွဲ့ဝင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒုဝန်ကြီး အတွင်းရေးမှူး၊ ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့က ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး ၁ ၊ စီးပွားရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့က ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး ၂ အနေနဲ့ တာဝန်ယူ ဆောင်ရွက်သွားကြမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေတာဖြစ်ပြီး ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲ နေကြတာဖြစ်ပါတယ်။
နိုင်ငံတဝန်း ပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ ဟာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဆက်လက် ဖြစ်ပွားနေပါတယ်။