စိမ်းစိမ်းစိုစို စိုက်ခင်းတွေကြားမှာ သီလရှင် ဆရာလေးတစ်ပါးက ခြံထွက် မုန်ညင်းရွက်တွေကို ခူးဆွတ်နေပါတယ်။
သီလရှင်ဆရာလေးနဲ့ မလှမ်းမကမ်းမှာ ငယ်ရွယ်တဲ့သီလရှင်ဆရာလေးတွေက ကောက်ရိုးတွေကို ဝိုင်းဝန်းသယ်ယူပြီး အပင်ခြေအောက် စုပုံနေသလို ၊ စိုက်ခင်းတွေကြား ပေါင်းနုတ်မြက်ရှင်းနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေတဲ့မြင်ကွင်းက မြင်ရသူတွေကို ပျော်ရွှင်ကြည်နူးစေပါတယ်။
ဒီမြင်ကွင်းက သီလရှင်စာသင်တိုက်လေးတစ်ခုက စိုက်ပျိုးဖော်ဆောင်ထားတဲ့ တစ်ပိုင်တစ်နိုင် အော်ဂဲနစ် စိုက်ခင်းလေးပဲ ဖြစ်ပါတယ်။
ဒီစိုက်ခင်းလေးကို ဦးဆောင်စိုက်ပျိုးသူကတော့ သီလရှင်ဆရာလေး ဒေါ်ယုစန္ဒာပါ။
သီလရှင်ဆရာလေး ဒေါ်ယုစန္ဒာဟာ ပတ်ဝန်းကျင်ရေရှည်တည်တံ့စေဖို့ သစ်ပင်စိုက်ပျိုးပြီး လူမှုဝန်းကျင် သဘာဝပတ်ဝန်း ကျင်ကျန်းမာစေဖို့ သဘာဝနည်းလမ်းတွေ ကျင့်သုံးလုပ်ဆောင်နေတဲ့ ဆရာလေးတစ်ပါးဖြစ်ပါတယ်။
” စိတ်ချမ်းသာဖို့ခြံဝယ်ပြီးအပင်စိုက်ပါတယ်။” လို့ ဆရာလေးဒေါ်ယုစန္ဒာက ပြောပါတယ်။
ဝါတော် ၃၈ဝါ၊ သက်တော်၅၆နှစ်ရှိပြီဖြစ်တဲ့ ဆရာလေးဒေါ်ယုစန္ဒာက ကချင်ပြည်နယ် မိုးကောင်းမြို့၊ ထေရဝါဒသာသနာပြု စန္ဒာရာမသီလရှင်စာသင်တိုက်က ကျောင်းထိုင်ဆရာလေးတစ်ပါးဖြစ်ပါတယ်။
ဆရာလေးဒေါ်ယုစန္ဒာက သာသနာ့ဘောင်ထဲကို ၁၉၈၀မှာ စတင်ဝင်ရောက်ခဲ့ပြီး စမ်းချောင်းမြို့နယ် ဒေါ်ဉာဏစာရီ မြန်အောင်ကျောင်းတိုက်မှာ ပညာသင်ခဲ့ပါတယ်။ ၁၉၉၈ မှာ သာသနာတော်ထွန်းကားပြန့်ပွားရေး အစီအစဉ်အနေနဲ့ ကချင်ပြည်နယ် ၊ မိုးကောင်းမြို့မှာ နယ်စပ်တောင်တန်းသာသနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မိုးကောင်းမြို့နယ်မှာပဲ ထေရဝါဒဗုဒ္ဓသာသနာပြု စန္ဒရာမသီလရှင်စာသင်တိုက်ကို တည်ထောင်ပြီး နယ်စပ် ဒေသစစ်ရှောင် ကလေးတွေကို ဗုဒ္ဓစာပေ၊လောကီလောကုတ္တရာ စာပေတွေကိုသင်ကြားပေးခဲ့သလို ကိုယ်တိုင်လည်း သာသနဓဇဓမ္မာ စရိယ၊ သဒ္ဓဇောတိက၊မဟာသဒ္ဓမ္မဇောတိက၊ ဂန္ထဝါစကပဏ္ဍိတ စတဲ့ဘွဲ့တံဆိပ်တော်တွေ ရရှိထားတဲ့ ပုဂ္ဂိုလ်တစ်ဦး လည်းဖြစ်ပါတယ်။
ဆရာလေးဒေါ်ယုစန္ဒာက သဘာဝကိုမြတ်နိုးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဝါသနာပါသူပီပီ ကျောင်းတိုက် စတည် ထောင်ကတည်းက သဘာဝပတ်ဝန်းကျင်မပျက်တဲ့ နည်းလမ်းတွေကို ကျင့်သုံးခဲ့တယ်။
ဒါ့အပြင် တဖြည်းဖြည်းတိုးပွားလာတဲ့ ကျောင်းတိုက်က သီလရှင်ဆရာလေးတွေ ရေရှည်ဝမ်းစာဖူလှုံရေးအတွက် တစ်ပိုင် တစ်နိုင်စိုက်ပျိုးဖို့စဉ်းစားမိပြီး ကျောင်းဝန်းထဲက ပိုနေတဲ့ နှစ်ဧကရှိတဲ့မြေကွက်လပ်မှာ နှစ်ရှည်ပင်တွေနဲ့ ရာသီအလိုက် စိုက်ခင်းတွေ စိုက်ပျိုးခြင်းနည်းနဲ့ စတင်ခဲ့ပါတယ်။
ကျောင်းတိုက်ကလစ်လပ်နေတဲ့မြေနေရာမှာ နှစ်ရှည်ပင်တွေစိုက်ပျိုးရုံအပြင် ကျောင်းအနီးဝန်းကျင်မှာ ၆ ဧကရှိတဲ့ မြေနေ ရာဝယ်ယူပြီး သဘာဝနည်းလမ်းတွေနဲ့ စိုက်ပျိုးခဲ့တယ်။
သဘာဝမပျက် စိုက်ပျိုးဖို့ အလုပ်သမားငှားပြီး မြေရှင်း၊ ထွန်ယက်စတာတွေကို လမ်းညွန်ပြသပြီး ဆရာလေးဒေါ်ယုစန္ဒာနဲ့ ကျောင်းတိုက်က သီလရှင်လေးတွေက ရေလောင်းပေါင်းသင်၊ သဘာဝမြေသြဇာတွေ ကျွေးနဲ့ပေါ့။
ကျောင်းဝန်းထဲက မြေနေရာနဲ့ဝယ်ယူထားတဲ့ မြေနေရာတွေမှာ ငှက်ပျောပင်၊သရက်၊ကုက္ကိုလ်စတဲ့ နှစ်ရှည်ပင်တွေ စိုက်ပျိုး သလို ဖရဲ၊ နာနတ်၊ကျွဲကော်၊အပြင် စာသင်သားများစားဖို့ မုံညင်း၊ ကန်ဇွန်း၊ချဉ်ပေါင်၊ စတဲ့ ရာသီပေါ်ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေ ကို စိုက်ပျိုးထားပါတယ်။
” ပူပြင်းတဲ့နွေမှာအရိပ်ရစေချင်တာပါ။ ကလေးတွေလည်းအရိပ်အောက်မှာ ကစားစေချင်တာပေါ့။ အပင်ကိုအကြောင်းမဲ့ ခုတ်ပစ်တာ၊ ချိုးပစ်တာမျိုးမလုပ်ဖို့ဆုံးမပေးရပါတယ်။” လို့ ဆရာလေးဒေါ်ယုစန္ဒာက ပြောပါတယ်။
ဒီလိုစိုက်ပျိုးတဲ့အခါမှာလည်း ဓာတုဆေးဝါးတွေ ပြည်ပကတင်သွင်းတဲ့ တံဆိပ်မျိုးစုံနဲ့ဓာတ်မြေသြဇာတွေ၊ အပင်ကြီးထွား သန်မာတဲ့ဆေးတွေရဲ့ ဆိုးကျိုးတွေကို သိရှိထားတဲ့အတွက် စိုက်ခင်းတွေကို ဓာတုဆေးတွေ လုံးဝမသုံးစွဲဘဲ နွားချေး သစ်ရွက်စတဲ့ သဘာဝနည်းလမ်းတွေသာ စိုက်ပျိုးခဲ့တယ်လို့ ဒေါ်ယုစန္ဒာက ပြောပါတယ်။
ဈေးကွက်လိုအပ်ချက်တွေကြောင့် ပိုးသတ်ဆေးတွေ ဓာတ်မြေသြဇာတွေ အများအပြားသုံးပြီး စိုက်ပျိုးတာတွေကြောင့် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျန်မာရေးအတွက် စိတ်မချရတော့ပါဘူး။
ဓာတုဆေးတွေဓာတ်မြေသြဇာတွေ အများအပြားသုံးစွဲပြီး စိုက်ပျိုးတဲ့မြေက သုံးနှစ်တိတိ စိုက်ပျိုးလို့မရတော့သလို စိုက်ရင် လည်း ဘာအသီးအနှံမှဖြစ်ထွန်းခြင်းမရှိဘဲ မြေဆီလွှာတွေပျက်သုန်းစေတဲ့အထိ ဆိုးကျိုးပေးပါတယ်။
ဓာတုဆေးတွေ အထွက်တိုးဆေးတွေ မသုံးစွဲပေမယ့်လည်း ဆရာလေးဒေါ်ယုစန္ဒာတို့စိုက်ပျိုးတဲ့ စိုက်ခင်းတွေက အသီး အနှံအထွက်ကောင်းမွန်သလို သဘာဝအရသာအပြည့်အဝနဲ့ စားသုံးရတယ်လို့ဆိုပါတယ်။
ဆရာလေးဒေါ်ယုစန္ဒာတို့ကျောင်းတိုက်မှာ ဓာတုဆေးမသုံး၊သဘာဝနည်းလမ်းတွေနဲ့ စိုက်ပျိုးထားတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ရေရှည်တည်တံ့စေသလို အစားအစာတွေကို စိတ်ချလက်ချစားနိုင်တာက ကောင်းကျိုးတစ်ခုဖြစ်ပြီး ကျောင်း ကထွက်တဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကြောင့် ငွေကုန်ကြေးကျလည်း သက်သာတယ်လို့ ဆက်ပြောပါတယ်။
” ကိုယ်တိုင်စိုက်တဲ့သီးနှံက ဓာတ်မြေသြဇာမပါတာကြောင့် သခွားသီးဆို ဒီအတိုင်းစားခိုင်းပါတယ်။ အစာမစားခင် လက် စင်အောင်ဆေး၊ မနက်တိုင်းပဲပြုတ်၊ ငါးပိရည်တို့စရာ၊ လတ်ဆတ်တဲ့အသီးအနှံ၊ ကြက်ဥနဲ့ပန်းမုံလာကြော်တို့ကို ပူပူ နွေးနွေး စားကြတယ်။”လို့ ဆရာလေးဒေါ်ယုစန္ဒာက ပြောပါတယ်။
ကျောင်းတိုက်က သီလရှင်ဆရာလေးတွေ နေ့ဆွမ်းစားပြီးချိန် မုန့်ဝေတဲ့အခါမှာလည်း ကျောင်းတိုက်က စိုက်ပျိုးတဲ့သီးနှံတွေနဲ့ မုန့်တွေသာ ကျွေးမွေးပါတယ်။
ကျောင်းတိုက်က သီလရှင်ဆရာလေးတွေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင်စားစေဖို့ သီလရှင်ဆရာလေးတွေကို နေ့စဉ် အပင်ရေလောင်း၊ ပေါင်းရှင်း၊ မြတ်နုတ် စတာတွေကို စာသင်ပြီး အားလပ်ချိန်တွေမှာ လုပ်စေပါတယ်။
” ဆရာလေးတွေကိုလည်း ပြောပြထားတယ်။ ဒါတွေစိုက်ထားတာက မင်းတို့ဖို့ပဲလို့ ပြောပြထားတော့ သူတို့ဒါမျိုးလုပ်ရင် ဒါမျိုးဖြစ်တယ်ဆိုတာ သိပြီးသား” လို့ ဆရာလေးဒေါ်ယုစန္ဒာကပြောပါတယ်။
ကျောင်းဝင်းမှာ ပလတ်စတစ်လျော့ချရေးနည်းလမ်းတွေလည်း လုပ်ဆောင်ထားပြီး နေ့စဉ်ခြံထဲက သစ်ရွက်တွေကို အမှိုက် ပုံးတစ်ခု၊ ပလတ်စတစ်အမှိုက်ကို အမှိုက်ပုံးတစ်ခုခွဲကာ စွန့်ပစ်စေပါတယ်၊ သစ်ရွက်အမှိုက်တွေကို အပင်အောက်တွေမှာ မြေသြဇာဖြစ်သွန်ခိုင်းပြီး ပလတ်စတစ်တွေကိုတော့စုထားကာ လူသူကင်းတဲ့ ငှက်ပျောခြံထောင့်မှာ မီးရှို့စေပါတယ်။
သဘာဝပတ်ဝန်းကျင်မပျက်အောင် နေထိုင်ပြီး အော်ဂဲနစ်အစားစာတွေသာ စားသုံးရတာကြောင့် ကျောင်းတိုက်က စာသင်သား သီလရှင်များမှာ ကျန်းမာပြီး ရောဂါဘယကင်းသလို ကိုဗစ်ကပ်ရောဂါကာလမှာတောင် ရောဂါကူးစက်ခံရခြင်းမရှိဘူး လို့ ဆက်ပြောပါတယ်။
ကိုဗစ်လှိုင်းတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေ စီးပွားရေးကျပ်တည်းပြီး ပြည်သူတွေဆီက လှူဒါန်းမှု တွေနဲ့ ရပ်တည်နေရတဲ့ ရဟန်းသံဃာတွေ၊ သီလရှင်ကျောင်းတွေမှာလည်း စားဝတ်နေရေး အခက်အခဲကြုံရတာတွေ ရှိပေမယ့် ဆရာလေးဒေါ်ယုစန္ဒာတို့ စာသင်တိုက်လေးကတော့ အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကျောင်းတိုက်ကို မှီခိုနေထိုင်သူ စာသင်သားတွေ စားဝတ်နေရေးအခက်အခဲမရှိရေးအတွက် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က တည်းက ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် ကိုဗစ်လှိုင်းတွေဆက်ပြီး နိုင်ငံရေးအခြေအနေ မကောင်းချိန်၊ ပြည်သူတွေခက်ခဲပြီး အလှူအတန်းလျော့ပါးသွားတဲ့ကာလမှာ အရင်ကတည်းက စုဆောင်းထားတဲ့ ရိက္ခာတွေ၊ ကျောင်းတိုက်ကစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် သီးနှံတွေနဲ့ အခက်အခဲလုံးဝမရှိခဲ့ဘူးလို့ ဆရာလေးဒေါ်ယုစန္ဒာကပြောပါတယ်၊
” သမုဒ္ဒရာဝမ်းတစ်ထွာအတွက်မို့ လွန်ခဲ့သော ၁၀နှစ်ကျော်ကကြိုတင် ပြင်ဆင်ထားခဲ့တာ။ အခုတော့ တိုင်းရေးပြည်ရာနဲ့ ရောဂါဘယတွေ ဖြစ်နေပေမယ့်အရမ်းမပူပန်ရတော့ဘူးပေါ့။” လို့ ဆရာလေးဒေါ်ယုစန္ဒာက ပြောပါတယ်။
ကိုဗစ်ကာလအတွင်း ကျောင်းတိုက်က သီလရှင်ဆရာလေးတွေ နာဖျားခြင်းမရှိ စားနပ်ရိက္ခာ လုံလုံလောက်လောက်နဲ့ ဖြတ်သန်းကျော်ဖြတ်နိုင်ရုံမက လိုအပ်တဲ့ ဒါယကာ ၊ ဒါယိကာမတွေကိုလည်း ခြံထွက်သီးနှံတွေ ဟင်းသီးဟင်းရွက်တွေကို မျှဝေနိုင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။
” ကိုယ့်ကိုမှီခိုလာတဲ့သူတွေလည်းစိတ်ချမ်းသာ၊ အော်ဂဲနစ်စားစရာတွေကြောင့် ကိုယ်တွေလည်းကျန်းမာ။ ဒကာ ဒကာမ တွေအဆင်သိပ်မပြေတဲ့အခါလည်း ကိုယ်ကအရမ်းကြီးစိတ်မပူရ။ ကိုယ်စိုက်ထားတာတွေကို ဝေငှကျွေးမွေးနိုင်တာပေါ့” လို့ ဆရာလေးဒေါ်ယုစန္ဒာကဆိုတယ်။
လွန်ခဲ့တဲ့နှစ်များကတည်းက သဘာဝတ်ဝန်းကျင် ရေရှည်တည်တံ့စေရေးနဲ့ အော်ဂဲနစ်စိုက်ပျိုးရေးနည်းလမ်းတွေကို စနစ် တကျ လုပ်ဆောင်ခဲ့တာတွေကြောင့် ကျောင်းတိုက်က သီလရှင်ဆရာလေးတွေက သဘာဝအရသာနဲ့ ရင်းနှီးကျွမ်းဝင် နေပြီး အပြင်စာကိုနှစ်သက်ခြင်းမရှိတော့ဘူးလို့ ဒေါ်ယုစန္ဒာကပြောပါတယ်။
” အပြင်က လာလှူတဲ့အသီးအနှံတွေဆိုလည်း ဓာတုဆေးကင်းအောင်လုပ်ပြီးမှစားတယ်၊ ကလေးတွေကသိတယ် ဖရဲသီး ကို သူများလာလှူတော့ ငါတို့ဆီက ဖရဲသီးမဟုတ်လို့မစားသေးဘူးဆိုပြီး ခြံကထွက်တာတွေကို အရမ်းကြိုက်တာ” လို့ ဒေါ်ယုစန္ဒာကပြောတယ်။
ဒါ့အပြင် အလှူရှင်တွေ ကျောင်းကိုဆွမ်းကပ်လာလှူတဲ့အခါမှာလည်း အချိုမှုန့်လျော့ဖို့ မသုံးစွဲဖို့ပန်ကြားသလို တရုတ်မုန့် တွေ၊ကော်ဖီမစ်ထုတ်တွေလည်း ဆရာလေးဒေါ်ယုစန္ဒာကိုယ်တိုင်မသောက်သုံးသလို ကျောင်းက စာသင်သားတွေကို လည်း မသောက်သုံးစေ မကျွေးမွေးစေပါဘူး။
” ကျောင်းကဆရာလေးတွေ အပြင်ဆွမ်းစားသွားလို့ ပြန်လာပြီဆိုရင် မူးဝေလာပြီမရဘူး ။ ကလေးတွေက သဘာဝအရ သာကိုသိတယ်။ နောက်ပိုင်းဆို အချိုမှုန့်ပါတဲ့ဟာဆို မစားနိုင်ဘူးဖြစ်နေတာ တချို့တွေကပြောတယ် ဆရာလေးကျောင်း က ကြီးကျယ်တယ်ဆိုပြီး” လို့ ဆရာလေးဒေါ်ယုစန္ဒာကပြောပါတယ်။
သဘာဝနည်းလမ်းတွေနဲ့စိုက်ပျိုးထားတဲ့ ငှက်ပျော၊ကျွဲကော၊ဖရဲသီးစတဲ့ သီးပင်တွေ ဟင်းသီးဟင်းရွက်တွေက ထွက်နှုန်း ကောင်းတာကြောင့် ကျောင်းကသီလရှင်ဆရာလေးတွေ နေ့စဉ်ပုံမှန်စားသောက်ရုံသာမက ပိုလျှံတဲ့အတွက် ရောင်းချတာ ကျောင်းက ဒါယကာ ဒါယိကာမတွေကိုလည်း ပြန်လည်မျှဝေတာမျိုးလုပ်ဆောင်နေရတယ်လို့ဆိုပါတယ်။
” တချို့ဒကာမတွေကလည်း အော်ဂဲနစ်တွေစားချင်တယ်ဆိုရင် ပို့ခိုင်းလိုက်တာပဲ၊ ကိုယ့်ဆီလည်းလှူနေတော့ ကျောင်းက စားသုံးတာအပြင် ပိုလျံလို့ ဒကာဒကာမတွေကိုလည်းပေးနိုင်တယ်” လို့ ဆိုတယ်။
ဆရာလေးဒေါ်ယုစန္ဒာတို့ မိဘတွေ ဘိုးစဉ်ဘောင်ဆက်ကတည်းက သဘာဝနည်းလမ်းတွေနဲ့ စိုက်ပျိုးပြီး သဘာဝအစားစာတွေသာ စားသုံးခဲ့တာကြောင့် ကျန်းမာပါတယ်။ ဒါပေမဲ့ နှောင်းလူတွေကတော့ ဓာတုဆေးဝါးတွေသုံးစွဲတဲ့ အစားအစာ တွေကြောင့် ရောဂါယယတွေထူပြောပြီး ရှင်သန်နေတဲ့ဘဝသက်တမ်းမှာ ကျန်းမာရေးချို့ယွင်းပြီး ရှာသမျှငွေကြေး ရောဂါ ကုသနေရာတာနဲ့ဘဝအချိန်တွေကုန်မှာလို့ ဆရာလေးက ပြောပါတယ်။
” ဆရာလေးအမေဆို အမြဲပြောတယ် ။ သူအသက် ၈၀ အထိနေနိုင်တယ်ဆိုတာကလည်း အချိုမှုန့်မစားဘူး၊ ခြံတွေ ကျတော့လည်း ဆေးတွေဘာတွေမသုံးဘူး။ အသက်ကြီးလို့ သူတို့မလုပ်နိုင်တဲ့အခါ ခြံ သူများငှားစားတော့ အကုန်ဆေးတွေ သုံးတော့ ပျက်စီးကုန်တာ။ ဒါတွေသိလာရတာ ငါ့ခြံတွေကျရင် အဲ့လိုမရှိစေရဘူးဆိုပြီးအတွေးက အမြဲတမ်းရှိတယ်” လို့ ဆရာလေးဒေါ်ယုစန္ဒာက ပြောပါတယ်။
အနာရောဂါကင်းပြီး ဘဝတစ်လျှောက်လုံး အသက်ရှည်ရှည်နေချင်ရင် ကိုယ့်ခြံဝန်းမြေကွက်လပ်မှာ စားလို့ရတဲ့ အပင်တွေ ကို အော်ဂဲနစ်နည်းလမ်းနဲ့စိုက်ပျိုးဖို့ တိုက်တွန်းချင်တယ်လို့ ဒေါ်ယုစန္ဒာကပြောပါတယ်။
”တစ်နိုင်ငံလုံးကလူတွေမှာ ဒီဓာတ်မြေသြဇာ၊ပိုးသတ်ဆေး၊ အချိုမှုန့်တွေကြောင့်ပဲလား မသိဘူး၊ ဆေးရုံ ဆေးခန်းကို ငွေတွေ ရက်ရောစွာ ပေးနေရတာ။ ရှာသမျှ ဆေးရုံကိုပေးဖို့ မဖြစ်အောင် အတတ်နိုင်ဆုံး တစ်ပိုင်တစ်နိုင် အော်ဂဲနစ်စိုက်ခင်းလေးစိုက်ပြီး ရောဂါကာကွယ်ကြပါစို့” လို့ ဒေါ်ယုစန္ဒာက ဆိုပါတော့တယ်။
ဒေဝီ
hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။