မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧပြီ ၂၇ ရက် ညက ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF) က ပြောပါတယ်။
ပခုက္ကူ-မြိုင် ကားလမ်းပေါ်မှာ ဧပြီ ၂၇ ရက် ည ၇ နာရီလောက်က ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့ မြိုင်နဲ့ PUGF တို့ ပူးပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ PUGF တာဝန်ခံ ဗိုလ်တမာက ပြောပါတယ်။
“ကျနော်တို့ ညီနောင်မဟာမိတ်တပ်တွေက ပဒေသာမိုင်း ၁၀ လုံးဆွဲပြီး တိုက်ခိုက်တာဗျ။ ကားတစီးကတော့ လေပေါ်မြောက်တက်သွားပြီး စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်။”
စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူတွေကိုတော့ ဧပြီ ၂၈ ရက် မနက် ၅ နာရီလောက်က လူနာတင်ယာဉ်တွေနဲ့ ခိုးကြောင်ခိုးဝှက် သယ်ယူနေပြီး ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အရာရှိတယောက် ပါဝင်တယ်လို့ သတင်းရကြောင်း ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပြောက်ကျားနည်းစနစ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် PUGF ရဲဘော်တွေ အထိခိုက် အကျဆုံး မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
PUGF အနေနဲ့ ပခုက္ကူမြို့နယ် နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်သားတွေ ဘယ်အကြောင်းနဲ့မဆို လှုပ်ရှားသွားလာတာ မပြုလုပ်ဖို့နဲ့ ပြည်သူ့ဘက်ကို ရပ်တည်ပြီး တပ်ကိုစွန့်ခွာကာ CDM ပြုလုပ်ကြဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်မှာလည်း ဧပြီ ၂၇ ရက် ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ မတူပီ CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မတူပီမြို့ဘက်ကနေ မကွေးတိုင်း ကျောက်ထုဘက်ကို ပြန်လည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀၀ လောက်ပါတဲ့ ယာဉ်တန်း အစီး ၇၀ လောက်ကို မတူပီမြို့နဲ့ ၈ မိုင်လောက်အကွာမှာရှိတဲ့ မတူပီ-မင်းတပ်ကားလမ်းမှာ CDF-မတူပီက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး CDF-မတူပီရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မတူပီမြို့နယ်ထဲက CDF-မတူပီနယ်မြေတွေကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်း ဖြည့်တင်းနေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
ထယ်ဘွေးကျေးရွာ ဒေသခံတယောက်က “စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာပြီဆိုရင် ကျနော်တို့ရွာတွေကို ဝင်မွှေပြီး မီးရှို့ဖျက်ဆီးတယ်။ တွေ့သမျှလူတွေကို လိုက်ဖမ်းပြီး သတ်ဖြတ်တာတွေ လုပ်တာကြောင့် ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေး ပုန်းအောင်းနေရတယ်။ ပြည်သူတွေ မရှိတဲ့အချိန်မှာ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ် စားသောက်ကြသလို နေအိမ်မှာကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူသွားကြတယ်” လို့ ပြောပါတယ်။
မတူပီ-ပလက်ဝလမ်းပေါ် ထယ်ဘွေးရွာနားနဲ့ တွီရှစ်နဲ့ ဝလံပီရွာကြားမှာလည်း ဧပြီ ၂၂ ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။