Home
မြန်မာသတင်း
ဘားအံထောင်၌ နိုင်ငံရေးအကျဥ်းသားကို ရိုက်နှက်ရာက ဆန္ဒပြမှုဖြစ်ပွား
DVB
·
April 27, 2022
279118345_1076491969877742_8645697170810043291_n

ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်အတွင်းမှာ ဧပြီ ၂၇ ရက် ဒီ ညနေပိုင်းက  ထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံရေး အကျဥ်းသားဟောင်းတွေဆီက သိရပါတယ်။

ထောင်အကျဥ်သားတန်းစီတယောက်က  နိုင်ငံရေးအကျဥ်းသားတယောက်ကို  ရိုက်နှက်ထိုးကြိတ်ရာက နိုင်ငံရေးအကျဥ်းသားတွေက ကျေနပ်မှုမရှိတဲ့အတွက် အော်ဟစ်ပြီး သွေးသစ္စာသီချင်းနဲ့ နိုင်ငံရေးသီချင်းတွေ သီဆိုဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

ဘားအံမြို့၊ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးစောမောင်ကြီး က "ထောင်ထဲမှာက ရာဇဝတ်အကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက လုပ်ပိုင်ခွင့်အပြည့်အဝပေးထားပြီး နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်ကွပ်လို့ ဖြစ်တာ"လို့ ပြောပါတယ်။ 

ဘားအံအကျဥ်းထောင်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုနဲ့ တခြား ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အကျဥ်းသားရပိုင်ခွင့် အခွင့်အရေး ရရှိပြီး နိုင်ငံရေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ထောင်အာဏာပိုင်တွေက ဖိနှပ်ထားတဲ့အပြင် တန်းစီတွေကတဆင့် ငွေကြေး အဂတိလိုက်စားတာတွေ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေက ဆိုပါတယ်။

အကျဥ်းထောင်အတွင်း ဆန္ဒပြခဲ့တဲ့အတွက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်ရှိလာပြီး လုံခြုံရေးရယူထားသလို နိုင်ငံရေးအကျဥ်းသားတွေက သွေးသစ္စာသီချင်း သီဆိုဆန္ဒပြနေတုန်းပဲလို့ သိရပါတယ်။

ဘားအံထောင်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူတွေ၊ NLD  ပါတီဝင်​တွေ၊  တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ CDM ဝန်ထမ်းတွေကို နေ့စဥ်လိုက်လံ ဖမ်းဆီးပြီး မတရားတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရသူတွေ ရှိပါတယ်။

အကျဥ်းထောင်အတွင်း နိုင်ငံရေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူအပါအဝင် စုစုပေါင်း ၃၀၀ နီးပါးရှိပြီး ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ လူအခွင့်အရေး စောင့်ကြည့်လေ့လာသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024