မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာ ရသွားတယ်လို့ ပခုက္ကူ-GZ တပ်ဖွဲ့ကနေ သိရပါတယ်။
ပေါက်မြို့နယ် ရွှေဘုံသာရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အင်အား ၄၀ လောက်ကို မနေ့က ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ PKU-GZ၊PRFနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပေါက်မြို့နယ်တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ လောက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PKU-GZ တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ် Tiger က ပြောပါတယ်။
“စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲတဲ့ အခါ လက်နက်အင်အားကွာခြားသလို ကျည်ဆန် မလုံလောက်တဲ့ အခက်ခဲတွေရှိတယ်ဗျ။ မောင်းပြန် သေနတ်တလက်လို ဝယ်ဖို့ကို ကျပ် သိန်း ၁၀၀ ကျော်လောက် ကုန်ကျမှာဖြစ်လို့ ညီနောင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျရနေရာကနေ တိုက်ပွဲဝင်နေတာပါ။ ရဲဘော်တွေကိုတော့ ကျည်ဆန်မလုံလောက်ဘဲနဲ့ ရှေ့တန်းကို မလွှတ်ဘူး။ ရဲဘော်တွေရဲ့ အသက်ကို ကျနော် အသက်ထက်တန်ဖိုးထားတယ်”လို့ ပြောပါတယ်။
ရွှေဘုံသာရွားသားတစ်ယောက်က “ရွှေဘုံသာရွာထဲမှာ မနေ့က မွန်းလွဲပိုင်းလောက်မှာ တိုက်ပွဲ ဖြစ်တယ်။ ဘေးလွတ်တဲ့ နေရာတွေကို ထွက်ပြေးကြရတယ်။ တောထဲတွေမှာ ဖြစ်သလိုဘဲ နေထိုင်စားသောက်နေရတယ်။ အခု လက်ရှိအချိန်ထိ ရွာထဲကို ပြန်မဝင်ရဲသေးဘူး” လို့ ပြော ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။