“ဘာလုပ်နေလဲ၊
လေ့ကျင့်နေတယ်၊
ဘာလုပ်ဖို့လဲ
တိုက်ပွဲဝင်ဖို့၊
ဘယ်သူ့အတွက်လဲ
ပြည်သူ့အတွက် ပြည်သူ့အတွက်၊
ဘာစိတ်ဓာတ်လဲ
သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်၊
ဘာစစ်သားလဲ
ပြည်သူ့စစ်သား နိုင်ငံ့စစ်သား။
"ဘယ်ခြေထိုး---- ကျား ၊ ကျား “ အစရှိတဲ့အသံတွေဟာ တောတွင်းတနေရာက တော်လှန်ရေး တပ်စခန်းတခုလုံး ဟိန်းကာပျံ့နှံ့နေပါတယ်။ အဲဒီအသံတွေဟာ အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင်ကာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ လေ့ကျင့်ရေးကွင်းမှ သင်တန်းသူ၊ သင်တန်းသားတွေရဲ့ ဟစ်ကြွေးသံတွေပါ။
အဲဒီသင်တန်းသားတွေကို သင်တန်းပေးနေတဲ့ နည်းပြတွေထဲမှာ မေမိုးပွင့် (သို့) မေ တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။
ဖြူဖြူနွဲ့နွဲ့ချစ်စရာဟန်ပန်ရှိပေမယ့် စစ်ပညာသင်ကြားနေတဲ့ အချိန်မှာ စစ်သားတဦးလို အမိန့်တွေပေးပြီး တည်ကြည်သောမျက်နှာထားနဲ့ သင်တန်းပေးနေတဲ့ ဆရာမ မေဟာ အခြား တော်လှန်ရေး ရဲဘော်တွေနဲ့မတူဘဲ ထူးခြားလို့ နေပါတယ်။
သင်တန်းနည်းပြဆရာမ မေဟာ အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းမီက ရိုးရိုးသာမန်၀န်ထမ်းတဦးသာ ဖြစ်ပါတယ်။
“၃ လပိုင်းလောက် စတင်ပစ်ခတ်တဲ့အချိန်မှာ ဆုံးသွားတဲ့လူငယ်တွေ နည်းတာမဟုတ်ဘူး။ အရမ်းဝမ်းနည်းတယ်။ ဘာမှလုပ်မပေးနိုင်ခဲ့ဘူ။ ထိရောက်မယ့် နည်းလမ်းရှာမရဘူး။ တနေ့တနေ့ တက်လာတဲ့ သတင်းတွေအတွက် ပူဆွေးရုံကလွဲ မလုပ်ပေးနိုင်ဘူး။ အရင်က ဆန္ဒပြပြီး အနိုင်ရမယ်ပဲ တွေးခဲ့တာ နောက်တော့ မရမှန်းသိခဲ့တယ်။ ရပ်ကွက်ထဲထိ ပစ်ခတ်တော့ လက်နက်ကိုင်တိုက်မှ နိုင်မယ်ဆိုတာ သိလာတယ်။ ခုခံစားနေရတာမျိုး နောင်ကလေးတွေ မခံစားစေချင်တော့ဘူး။ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ပြီးချိန် သူငယ်ချင်းနဲ့တိုင်ပင်ပြီး ချိတ်ဆက်ခဲ့တာ။ BPLA နဲ့ ဆက်သွယ်မိပြီး ရောက်လာခဲ့တယ်” လို့ မေက ပြောပါတယ်။
BPLA မှာ စစ်သင်တန်းစတင်တက်ရောက်ချိန်က အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ မေဟာ မကြာမီ ၁၉ နှစ်ပြည့်တော့မှာပါ။
“ယောကျ်ား မိန်းမ တန်းတူလို့ တွေးတယ်၊ အဲဒါကြောင့် မေ့အတွက် သင်တန်းသားတွေက သိပ်ပြီးအခက်အခဲ မဖြစ်စေဘူး” လို့ သူမက ဆိုပါတယ်။
BPLA ရဲဘော်တဦးဖြစ်လာပြီးနောက် ရှေ့တန်းထွက်ဖို့ ဆန္ဒပြင်းပြပေမယ့် နည်းပြအဖြစ် တာ၀န်ပေးအပ်ခဲ့တာကြောင့် ကြံ့ခိုင်ပြီး စနစ်ကျတဲ့ တော်လှန်ရေးရဲဘော်သစ်တွေ ပေါ်ထွက်လာစေဖို့ လေ့ကျင့်သင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။
“ဒီလမ်းကိုရွေးချယ်ပြီပြီးဖြစ်လို့ မှားတယ် မတွေးမိဘူး၊ တော်လှန်ရေး ဘယ်လောက်ပဲနှစ်ကြာကြာ တော်လှန်ရေးပြီးဆုံးအောင် လုပ်မယ်။ တော်လှန်ရေးပြီးရင် ဒီမှာဆက်နေဖြစ်မလား၊ ဝါသနာပါတဲ့ ဖိုတိုမော်ဒယ်လုပ်ဖြစ်မလား မသေချာသေးဘူး “ လို့ မေက ပြောပါတယ်။
ကရင်ပြည်နယ်မှာ ခြေကုပ်ယူပြီး အာဏာရှင်စနစ်နဲ့အတူ လူမျိုးကြီးဝါဒကြီးစိုးမှုကိုပါ တိုက်ထုတ်မယ့် တပ်တခုဟာ တိုင်းရင်းသားဒေသလွတ်မြောက်နယ်မြေတနေရာမှာ မဟာမိတ် EAO တွေရဲ့ အကူအညီနဲ့ စနစ်တကျ စုဖွဲ့လေ့ကျင့်နေကြတာပါ။
BPLA ရဲ့ စစ်အခြေခံသင်တန်းဟာ ၃ လနဲ့ ၄ လကြား ကြာမြင့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ သင်ခန်းစာတွေကို ကျော်ဖြတ်နိုင်ဖို့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကျန်းမာရေးကောင်းမွန်ရမယ်လို့ သင်တန်းနည်းပြဆရာမ မေက ပြောပါတယ်။
“မေတို့တုန်းက အရမ်းပင်ပန်းတော့ သင်တန်းကို တနာရီစာပဲတွေးတယ်။ တရက်စာ တရက်စာပဲ တွေးတယ်။ သင်တန်းတချိန်ချင်းစီကို ဖြတ်သန်းဖို့ အားမွေးရတယ်” လို့ သင်တန်းကာလအတွေ့အကြုံကို မေက ရှင်းပြပါတယ်။
လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မဟာမိတ်အဖွဲ့တွေကလည်း ချီးကျူးစကား ပြောလာကြပါတယ်။
စစ်သင်တန်းတခုမှာ အမျိုးသမီး ၂၀ ရာခိုင်နှုန်းလောက် ပါ၀င်ပြီး သင်တန်းပြီးဆုံးပါက တာ၀န်ကျရာကို တာ၀န်ထမ်းဆောင်ရသလို သင်တန်းနည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေရသူတွေလည်း ရှိပါတယ်။
“ကိုယ့်ဆုံးဖြတ်ချက်ကို သေချာစဉ်းစားဆုံးဖြတ်စေချင်တယ်။ လက်နက်ကိုင်တော်လှန်ချင်လို့လား၊ သေနတ်ကိုင်ချင်ရုံသက်သက်ပဲလားဆိုတာ ဆုံးဖြတ်ချက် ခိုင်မာပြီဆိုတော့မှ ဒီလမ်းကို ရွေးစေချင်တယ်” ဟု ဆရာမ မေက ဆိုပါတယ်။
Photo- JPaing / MPA