ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင်က ဧပြီ ၂၂ ရက်က ပြောဆိုထားပေမယ့် စစ်ကိုင်းနဲ့မန္တလေးတိုင်းတို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လယ်ဘူးမြို့၊ မြို့မရပ်ကွက်မှာ စစ်ကောင်စီက ဆယ်ရက်ဆက်တိုက် အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်နေပြီး မြို့မရပ်ကွက်ထဲက နေအိမ်တွေကို ဘတ်ဖိုးတွေနဲ့ ဖြိုချဖျက်ဆီးနေတာကြောင့် ရပ်ကွက်တဝက်နီးပါးပျက်စီးသွားပါတယ်။
မြို့ပေါ်က နေအိမ် ၆ လုံးကိုလည်း မီးရှို့ခဲ့ပြီး PDF တွေကို ထောက်ပံ့တယ်လို့ စစ်ကောင်စီက ယူဆတဲ့ အရပ်သားနေအိမ်တွေကို ဘတ်ဖိုးတွေနဲ့ ဖြိုချဖျက်ဆီးနေတာလို့ ပင်လယ်ဘူးမြို့ခံတယောက်က ပြောပါတယ်။
ဧပြီ ဒုတိယအပတ်ကစတင်ကာ စစ်ကောင်စီက လေယာဉ်တွေကိုပါ အသုံးပြု အကြမ်းဖက်တိုက်ခိုက်နေသလို ပြည်သူ ၁၃ ယောက်ထက်မနည်း စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာကို ခံထားရပါတယ်။ ပင်လယ်ဘူးမြို့မှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေအားလုံးလည်း ဖြတ်တောက်ထားတာကြောင့် မြို့ခံတွေဟာ သူတို့ရဲ့အဖြစ်တွေကို အချိန်နဲ့တပြေးညီ သတင်းမပေးနိုင်တဲ့အခြေအနေနဲ့ ကြုံနေရပါတယ်။
ပင်လယ်ဘူးမြို့ခံတဦးက “ပင်လယ်ဘူးဘက်မှာက မနေ့က အနေအထားမှာ စစ်ကောင်စီကို PDF တွေက ရှင်းထုတ်လိုက်လို့ မကျေနပ်ပဲ ပြန်လာတာ။ မီးသင်္ဂြိုဟ်စက်နားမှာ အုတ်ဖုတ်နေတဲ့သူတွေကို ဝင်ဖမ်းပြီး တုတ်နဲ့ရိုက်တယ်။ အသက် ၅၀ အရွယ် အမျိုးသားတစ်ယောက်ကို မီးရှို့သတ်လိုက်တယ်။ ကလေးမလေးတယောက်ကိုတော့ မီးသင်္ဂြိုဟ်စက်ထဲ ခေါ်သွားတယ်။ ဘာလုပ်လဲတော့မသိဘူး။ ကလေး ၃ ယောက်ကတော့ လွတ်လာတယ်။ အိမ်တွေထဲဝင်ပြီးတော့မှ ပစ္စည်းတွေယူနေတယ်။ ကြည့်နေတဲ့သူတွေ အကုန်လုံးကို ဓားကြိမ်းကြိမ်းပြီးတော့မှ ပြေးခိုင်းတယ်။ ပင်လယ်ဘူးမြို့ပေါ်က နေအိမ် ၆ လုံးကို မီးရှို့တယ်။ PDF တွေကို ထောက်ပံ့တယ်လို့ ယူဆတဲ့ အိမ်တွေကို ဘက်ဖိုးတွေနဲ့ဖျက်နေတယ်။ တော်တော်များများ ဖျက်ဆီးနေတယ်။ ပင်လယ်ဘူးမြို့ပေါ် မြို့မရပ်ကွက် တစ်ဝက်လောက်ကုန်နေပြီ။ ဒလန်တွေသတင်းပေးတာကြောင့်ပေါ့ဗျာ။ ခိုးတာတွေလုတာတွေကို မြင်နေရပေမယ့် ဘာမှမလုပ်နိုင်ဘူး။ မြို့နဲ့လုံးဝမတူတော့ဘူး။ မြို့ပျက်ကြီးလိုဖြစ်သွားပြီ။ ဖုန်းလိုင်းတွေလည်း ဘယ်လိုင်းမှ ဆက်လို့မရတော့ဘူး။ ပင်လယ်ဘူးမှာ တိုက်ပွဲဖြစ်တာ ဆယ်ရက်လောက်ရှိပြီ။ လေယာဉ် ၄၊ ၅ စီးနဲ့ အကြမ်းဖက်သွားတယ်။ ပြည်သူ ၁၃ ယောက်ကျော်လောက် သေတယ်။"
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ဆည်ကြီးရွာနဲ့ ညောင်လှရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့တာတွေဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသတွင်း PDF တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
PDF တပ်ဖွဲ့ဝင်တဦးက က “ကျနော်တို့ဆီကိုရောက်လာတာကတော့ ၂၁ ရက်နေ့ပေါ့၊ ကျနော်တို့ ရွာအနောက်ပိုင်းက ဆည်ကြီးရွာကို ရောက်တယ်။ တိုက်ပွဲကြီးကြီးမားမားဖြစ်ခဲ့တယ်။ အချိန် ၂ နာရီလောက်ကြာတယ်။ နေ့ခင်းထမင်းစားနားနေတဲ့အချိန်မှာ တိုက်ပွဲစဖြစ်တာ။ သူတို့ရွာတွေကို ဝင်တိုင်း မီးရှို့တာကို လက်မခံနိုင်တော့လို့။ ညောင်လှမှာ ၄၆ အိမ်ရှို့သွားတယ်။ ဆည်ကြီးရွာမှာ ၇ အိမ်ရှို့သွားတယ်။ အဲ့လိုတွေထပ်ဖြစ်လာမှာမို့လို့ ကျနော်တို့မနေ့က ဝင်တိုက်ပစ်လိုက်တာ။ ခင်ဦးက အဖွဲ့တွေနဲ့ပေါင်းတိုက်တာပါ။ သူတို့က ရက်စက်လွန်းရာတော့ ကျသွားပြီ။ သူတို့အခုသွားနေတဲ့ပုံစံကြီးက ပြည်သူတွေကို နေစရာမရှိအောင် အိမ်တွေကို မီးရှို့တဲ့ plan နဲ့သွားနေတာ။ သူတို့ဒီလိုလုပ်လေ ပြည်သူက ပိုပြီးနာကျည်းလာလေပေါ့ဗျာ။ ဒီပဲယင်းမြို့နယ်ထဲက PDF စခန်းတခုကိုတော့ ဝင်မွှေသွားတယ်။ သိန်း ၄၀ ဖိုးလောက် မိုင်းတွေပါသွားတယ်။ အပြစ်မဲ့ပြည်သူတဦးကို သတ်သွားတယ်။"
ဒီနေ့မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ် မုတ်ဆီရွာက ပြည်သူနေအိမ် ၁၀ လုံးလောက်ကိုလည်း မီးရှို့ဖျက်ဆီးသလို ညောင်လှ(မူးဆုံ) ရွာက လက်ဖက်ရည်ဆိုင်နဲ့ လူနေအိမ် တချို့ကို မီးရှို့ဖျက်ဆီးပြီး အောင်သာကျေးရွာကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်က မြို့နယ်တွေမှာလည်း ဒေသတွင်း PDF တွေမဟာမိတ်ဖွဲ့ပြီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ မူးမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီက အကြမ်းဖက်မီးရှို့တာတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က အတည်ပြုပါတယ်။
စစ်ကောင်စီက သာလွန်အင်အားနဲ့ တိုက်ခိုက်နေတာကြောင့် နှစ်ဖက်အထိအခိုက် အကျအဆုံးများနေတယ်လို့ ဆိုပါတယ်။
ဗိုလ် Zero (Zero ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ) က "မူးမြစ်အရှေ့ဘက်မှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေတယ်၊ အခုထိမပြီးသေးဘူး။ ဒီကောင်တွေ မီးရှို့တဲ့သတင်းရလို့ သွားပြီးတိုက်တာ။ ကျနော့်ကလေးတယောက် လက်နက်ကြီးထိတယ်။ ဒါပေမယ့် မစိုးရိမ်ရ ဒဏ်ရာပါ။ နောက်ပြန်အဆုတ်မှာ ကျနော့်ကလေးတယောက် ရေနစ်ပြီး ဆုံးသွားတယ်။ အခုအလောင်းသယ်ပြီး သင်္ဂြိုဟ်ဖို့ သွားနေပြီ။ ၂၂ ရက်နေ့ နေ့လယ် တစ်နာရီလောက်က ဆုံးသွားတာ။ အရာတော်တောင်ခြမ်း မြင်းမူအရှေ့ဘက်ခြမ်းအဖွဲ့တွေ အကုန်ပါတယ်။ မဟာမိတ်တွေပေါ့။ မြင်းမူဆိုတော့ စစ်ကိုင်းဘက်ဖြစ်သွားပြီ။” လို့ ပြောပါတယ်။
ချင်းပြည်နယ် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက တိုက်ပွဲတွေနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိသလို ဒေသခံပြည်သူတွေ နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပက်သက်လို့လည်း PDF လုပ်တယ်ဆိုပြီး စွပ်စွဲလေ့ရှိပါတယ်။
စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့မှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲတွေ့နေရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် စကားတွေဟာ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။