သင်္ကြန်ကာလပြီးနောက်ပိုင်း လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်လာလို့ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းတချို့ ရပ်နားလိုက်ကြောင်း ရွှေမျောလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟူးကောင်းမြစ်ဝှမ်းတလျှောက် ရွှေတူးဖော်မှုလုပ်ငန်းတွေကို ကုမ္ပဏီကြီးတွေက လုပ်ကွက်ရာနဲ့ချီ လုပ်ကိုင်နေကြပြီး ဒေသခံတွေကလည်း တနိုင်တပိုင် တူးဖော်ကြတာပါ။
အခု လောင်စာဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ရွှေတူးဖော်ရေးလုပ်ငန်း ရပ်တန့်လိုက်ရတဲ့ လုပ်ငန်းရှင်အများစုဟာ တပိုင်တနိုင်လုပ်နေကြတဲ့ ရွှေမျောလုပ်ငန်းရှင်တွေ ဖြစ်ပြီး ကုမ္ပဏီကြီးတွေရဲ့ လုပ်ကွက်နေရာတချို့လည်း ရပ်နားထားကြတယ်လို့ သိရပါတယ်။
ရွှေမျော လုပ်ကိုင်နေသူတစ်ဦးက “ဒီနေ့ ဒီဇယ်ဈေးက ၁ ပေပါကို ၅ သိန်းနားကပ်နေပြီ ရွှေဈးကောင်းပေမဲ့ ဆီဈေးတက်နေတော့ အဆင်မပြေဘူး။ ရွှေရတဲ့မျောတွေ ခံသာပေမဲ့ ရွှေမရရင် အကြွေးလည်ပင်းနစ်ပြီ” လို့ပြောပါတယ်။
စစ်ကိုင်းမှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် သတင်းစီးဆင်းမှုလည်း လုံးဝမရှိတာကြောင့် လောင်စာဆီဈေးနှုန်း အခြေအနေကို အချိန်နဲ့တပြေးညီ သိဖို့ ခက်ခဲနေကြပါတယ်။
လောင်စာဆီ အများဆုံးအသုံးပြုနေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း စက်သုံးဆီ ဈေးနှုန်း အဆမတန်မြင့်တက်ပြီး ၁ လီတာကို ၃၀၀၀ ကျော်နဲ့ ဝယ်ယူအသုံးပြုနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ် ။
“အရင်က သုံးထောင်ဖိုးဆို ဆီတိုင်ကီထဲ အပြည့်ရတယ်။ အခု အပြည့်ထည့်မယ်ဆို ခြောက်ထောင်ဖိုးလောက် ထည့်ရတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးက ပြောပါတယ်။
လောင်စာဆီဈေးနှုန်းကြောင့် တန်ဆာခနဲ့ သယ်ယူစရိတ်တက်လာတော့ လူသုံးကုန်နဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားဈေးနှုန်းတွေလည်း ထက်ဝက်ကျော်ဈေးတက်လာလို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက “အရင်က လက်ဖက်ရည်တစ်ခွက် ငါးရာ၊ အခု ရှစ်ရာ၊ မုန့်ဟင်းခါးတစ်ပွဲကို ငါးရာ အခု တစ်ထောင်/ထောင့်ငါးရာ ဖြစ်နေပြီ။ ရှေ့လျှောက် မနက်မိုးလင်းတာနဲ့ ဘာမှမစားပဲ နေရတော့မယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ အခုဆိုရင် နှစ်လလောက်ရှိပြီး သတင်းစီးဆင်းမှု မရှိတော့ လောင်စာဆီဈေးနှုန်း၊ ရွှေဈေးနှုန်းတွေလည်း ပြည်သူတွေ မသိရှိရသလို ကုန်သည်တွေပြောတဲ့ ဈေးနှုန်းနဲ့သာ ဝယ်ယူနေရတယ်လို့ စားသုံးသူတွေက ပြောပါတယ်။