၀ါသီးနှံနဲ့ ၀ါဂွမ်းတွေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဧပြီလ ၈ ၇က် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး ဒါဟာ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရသတ်မှတ်လိုက်တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် ၀ါသီးနှံနဲ့ ၀ါဂွမ်းတို့ကို ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာတွေကို တားမြစ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီတားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နဲ့၀န်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ဆိုထားပါတယ်။
မြန်မာပြည်တွင်းမှာ ၀ါသီးနှံတွေတိုးချဲ့စိုက်ပျိုးကြဖို့နဲ့ ပြည်တွင်းမှာ အဝတ်အထည်တွေထုတ်လုပ်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က မိန့်ခွန်တွေမှာ မကြာခဏ ထည့်သွင်းပြောကြားပြီးနောက် အခုလို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နဲ့ ဥပဒေမှာတော့ အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရမယ့်အပြင် ကျပ်ငါးသိန်းထက်မပိုတဲ့ ဒဏ်ငွေလည်း ချမှတ်ခြင်းခံရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရားရုံးကပြစ်မှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်ဖြစ်စေ၊ တခြားစီမံခန့်ခွဲရန်ဖြစ်စေ အမိန့်ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေ၊ ကိုလည်း အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်ခြင်းတွေကို တားမြစ်ထားပါတယ်။