မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဧပြီ ၁၈ ရက် မနက်ပိုင်းက ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေကို YDF-ထီးလင်း ရွှေစွန်ညိုအဖွဲ့က တိုက်ခိုက်ခဲ့လို့ ရဲတယောက်သေဆုံးသွားတယ်လို့ YDF-ထီးလင်းကနေ သိရပါတယ်။
ထီလင်းမြို့နယ် ရေမျက်နီရွာမှာ ဒီမနက် ၈နာရီခွဲလောက်က ဆိုင်ကယ် ၂ စီးနဲ့ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ယောက်ကို YDF-ထီးလင်း ရွှေစွန်ညိုအဖွဲ့ဝင် ကွန်မန်ဒိုတပ်ဖွဲ့ဝင် ၅ ယောက်က ပစ်ခိုက်တိုက်ခိုက်ခဲ့လို့ ရဲတယောက် သေဆုံးက ကျန်တယောက်ကတော့ ဒဏ်ရာရပြီးထွက်ပြေးသွားတယ်လို့ YDF-ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွင်အတွင်းမှာ ရဲတွေဆီက KAMAX အမျိုးအစား ဆိုင်ကယ် တစ်စီး၊ HK 33 သေနတ်တလက်၊ကျည်ဆန် ၂၄ တောင့်နဲ့ ကျည်ဘောက်တစ်ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ YDF-ထီးလင်းက ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကိုလည်း ဧပြီလ ၁၆ ရက်မနက် ၆နာရီလောက်မှာ YDF-ထီးလင်း ကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့က အလစ်အငိုက်သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီရဲ့ ရဲ ၄ ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။