စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက် ကလေးပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၅ မှာ စားနပ်ရိက္ခာတွေနဲ့ လက်နက်ခဲယမ်း အကူအညီတွေလိုအပ်နေတယ်လို့ ကလေး PDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်တဦးက ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။
“သင်္ကြန်ကာလအတွင်းက တော်လှန်ရေးအရှိန်မြှင့်ခဲ့တာကြောင့် ကျည်ဆန်အများအပြား လိုအပ်နေတာဖြစ်ပြီး ရဲဘော်တွေအနေနဲ့ လက်နက်ကောင်းတွေ လိုအပ်နေတယ်” လို့ တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
ပြည်သူကို အားကိုးနေရတာကြောင့် တပ်ရင်းရဲ့လိုအပ်ချက် ပြည်သူကို တင်ပြရတာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့လတ်တလောမှာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေတာကြောင့် အရေးပေါ်လိုအပ်နေ တယ်လို့ ဆိုပါတယ်။
တပ်ရင်းရဲ့ လိုအပ်ချက်တွေကို အမြဲကူညီထောက်ပံ့ပေးနေတဲ့ မိဘပြည်သူတွေကို ကျေးဇူး တင်ကြောင်း၊ မျှော်လင့်နေတဲ့ ပန်းတိုင်လည်း နီးနေပြီဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ အားမလျော့ဘဲ ကြံ့ကြံ့ခိုင်ပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
PDF တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်အာဏာရှင်ကျဆုံးရေးအတွက် အစွမ်းကုန်ခုခံတော်လှန်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ကလေးမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းကို အသုံးမပြုကြဖို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။