စစ်ကောင်စီက ရုပ်ရှင်ရုံတွေကို ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် လာရောက်ကြည့်ရှုတဲ့သူ မရှိသလောက်ပဲလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရုပ်ရှင်ရုံတွေပြန်ဖွင့်အတွက် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်တွေကို ဖြေလျော့ပေးခဲ့ပြီး လူ ၄၀၀ အထိ စုဝေးနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့မှာတော့ ရန်ကုန်မြို့ထဲက ရုပ်ရှင်ရုံတစ်ချို့သာ ပြန်လည်ဖွင့်တာတွေ့ရပြီး မြို့နယ်အလိုက်ရှိနေတဲ့ ရုပ်ရှင်ရုံတွေက ပြန်လည်ဖွင့်လှစ်ထားခြင်းလည်း မရှိပါဘူး။
လက်ရှိ ဖွင့်ထားတဲ့ ရုပ်ရှင်ရုံတွေမှာ စစ်ကောင်စီတပ်သားတွေက လုံခြုံရယူထားပြီးတော့ ရုပ်ရှင်ရုံ ဝင်ပေါက်တွေမှာလည်း လုံခြုံရေးအစီအမံတွေနဲ့ပြန်လည်ဖွင့်လှစ်နေတာလည်းဖြစ်ပါတယ်။
ဖွင့်လှစ်နေတဲ့ ရုပ်ရှင်ရုံတွေမှာတော့ လူမင်း၊ နေမင်း၊ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝေးဝေးမနေချင်ဘူး ဆိုတဲ့ဇာတ်ကားနဲ့ ပြေတီဦး၊ ဖွေးဖွေးတို့သရုပ်ဆောင်ထားတဲ့ လိပ်ပြာထောင်ချောက် ဇာတ်ကားတွေကို ရုံတင်ပြသနေတာလည်းဖြစ်ပါတယ်။
နိုင်ငံတဝန်း အခုအချိန်မှာ ပြည်သူတွေ စီးပွားရေးကျပ်တည်းပြီး စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်၊ ရွာမီးရှို့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာ တဖက်မှာ နိုင်ငံတဝန်းမှာ ပုံမှန်အခြေအနေပြန်ဖြစ်နေပြီဆိုတာ ပြသချင်လို့ စစ်ကောင်စီက ရုပ်ရှင်ရုံတွေပြန်ဖွင့် လှစ်တာဖြစ်တဲ့အတွက် ရုပ်ရှင်သွားမကြည့်ကြဖို့ ဆော်ဩမှုတွေလည်းရရှိနေပါတယ်။