ဘဲဥဇာတ်ကောင် စာမဲ့ကာတွန်းတွေဖန်တီးရေးဆွဲရာမှာ လူသိများထင်ရှားတဲ့ မြန်မာကာတွန်းပညာရှင် သန့်စင်(ဘဲဥ)ဟာ ဧပြီ ၁၂ ရက် ဒီမနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ကာတွန်းဆရာ ဦးသန့်စင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်အရွယ် ရှိနေပြီဖြစ်ကာ ရန်ကုန်မြို့ တောင်ဥက္ကလာပနေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတဘယ်။
ဒီသတင်းအပေါ် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက “ဆရာ ဖန်တီးခဲ့သော အနုပညာလက်ရာများအား ပရိသတ်နှင့်အတူ သတိတရ ရှိနေမည်ဖြစ်ပြီး ကာတွန်းလောကအတွက် ဂုဏ်ယူစရာအဖြစ် ကျန်ရှိနေမည် ဖြစ်ပါသည်။ ဆရာ ကာတွန်းသန့်စင် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းမှ ဆုတောင်းမေတ္တာပို့သရင်းဖြင့် ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်”လို့ ထူးကြေကွဲဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။
ကာတွန်းပညာရှင် သန့်စင်ဟာ ကာတွန်းပညာကို အစ်ကိုရင်းဖြစ်တဲ့ ကာတွန်းမောင်မောင်ဆီက သင်ကြားဆည်းပူးခဲ့ပြီး ၁၉၇၁ ခုနှစ်၊ လုပ်သားသတင်းစာမှာ ကာတွန်းတွေ စတင်ရေးဆွဲပါတယ်။ သူ့ရဲ့ ဘဲဥ ဇာတ်ကောင်အမည်နဲ့ ရေးဆွဲတဲ့ စာမဲ့ကာတွန်းစာအုပ်တွေဟာ အောင်မြင်ခဲ့ပြီး စာနယ်ဇင်းတွေမှာလည်း ကာတွန်းတွေ ရေးဆွဲခဲ့ပါတယ်။
ကာတွန်း သန့်စင် ကွယ်လွန်သွားခဲ့တဲ့အပေါ် ရေးဖော်ရေးဖက် ကာတွန်းပညာရှင်တွေကရော၊ သူ့ရဲ့ ပရိသတ်တွေကပါ ဝမ်းနည်းနှမြောတသ ဖြစ်ရကြောင်း အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ ရေးသားမျှဝေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
ကာတွန်းဝင်းအောင်ကတော့ “ရေးဘော် သူငယ်ချင်း ကာတွန်းသန့်စင်(ဘဲဥ) ဒီကနေ့ မနက် ၉ နာရီမှာ ကွယ်လွန်သွားကြောင်း သိလို့ ဝမ်းနည်းကြေကွဲမိပါတယ်”လို့ ရေးသားထားခဲ့တာပါ။
ကာတွန်း လူကြီးမင်းကတော့ “Senior အစ်ကိုကြီး ကာတွန်းသန့်စင်(ဘဲဥ) ကွယ်လွန်သွားချိန်မှာ ကျနော် ခရီးလွန်နေလို့ သူ့နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့ဘူး။ အလွန်ပျော်တတ်၊ စတတ် နောက်တတ်ပြီး ရေးအားကောင်းကောင်းနဲ့ ဘဲဥကာတွန်းဇတ်လမ်းများစွာကို ဖန်တီးခဲ့တဲ့ ထင်ရှားတဲ့ နာမည်ကျော်ကာတွန်းဆရာတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝန်းနည်းကြေကွဲ နှမြောတသဖြစ်ရပါတယ်။ အစ်ကို ကာတွန်းသန့်စင် ကောင်းမွန်မြင့်မြတ်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ🌷🌷🌷🙏🙏🙏”လို့ ရေးသားထားခဲ့တာကို တွေ့ရပါတယ်။