Home
မြန်မာသတင်း
သိန္နီစော်ဘွားဟော်နန်းကို စစ်ခေါင်းဆောင်ပိုင်ဟော်နန်းဖြစ်သွားမှာ ဒေသခံများစိုးရိမ်
DVB
·
April 12, 2022
277784067_1066524130874526_5576859880240359341_n

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ စစ်ကောင်စီရဲ့ အကူအညီအထောက်အပံ့ယူ တည်ဆောက်နေတဲ့ သိန္နီစော်ဘွားကြီးရဲ့ဟော်နန်းကို   အာဏာသိမ်းစစ်ခေါင်းဆောင်ပိုင်တဲ့ ဟော်နန်းဖြစ်သွားမှာ စိုးရိမ်တယ်လို့ ရှမ်းလူငယ်တက်ကြွသူတွေနဲ့  မြို့ခံပြည်သူတွေက ပြောပါတယ်။

ဧပြီ ၉ ရက်က ကျပ်သိန်း ၃၀၀၀ အကုန်အကျခံကာ ပြန်လည်တည်ဆောက်နေတဲ့ သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းရဲ့ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ပြန်လည်တည်ဆောက်ရေးလုပ်ငန်းခွင်ကို စစ်ခေါင်းဆောင် သွားရောက်ကြည့်ရှုပြီးနောက်ပိုင်း ဝေဖန်မှုတွေနဲ့အတူ စိုးရိမ်နေကြတာပါ။

အဆိုပါ ဟော်နန်းတည်ဆောက်ရေးအတွက် အလှူငွေလက်ခံရေးနဲ့ပတ်သက်ပြီး သက်ကြီးစာပေရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ မြို့ခံပြည်သူတွေရဲ့  ဆန္ဒသဘောထားခံယူတာ၊ ဆွေးနွေးချပြတာမရှိသလို မြို့ခံပြည်သူတွေရဲ့သဘောထားမပါဝင်ဘဲ သိန္နီမြို့လယ်ကျောင်းဆရာတော်၊ ရှမ်းစာပေယဉ်ကျေးမှုနဲ့ တည်ဆောက်ရေးကော်မတီ တာဝန်ရှိသူတချို့က အလှူငွေလက်ခံရယူဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ရှမ်းလူငယ်တက်ကြွသူတစ်ဦးက “ အခု ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ထဲမှာကို သဘောထားတွေကွဲနေတယ်။ လူကြီးပိုင်းတွေက အလှူရတာကို သဘောကျတယ်။ ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူအများစုက မကျေနပ်ကြဘူး။ ဟော်နန်းသမိုင်းပျောက်မှာဆိုလို့။ နောင်တချိန် မင်းအောင်လှိုင်ဟော်နန်းဖြစ်မှာစိုးရိမ်တာ။ သိန်း ၃၀၀၀ က တကယ်ကြိုးစားရှာရင် ရနိုင်ပါတယ်။ မြို့ခံတွေရဲ့ သဘောထား မပါဘဲလုပ်ဆောင်ခဲ့တာ”လို့ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကစတင်ပြီး ဟော်နန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ဟော်နန်းအဆောက်အဦအသစ်ကို ရပ်ကွက် ၃ အတွင်းရှိ မူလအဆောက်အဦးဟောင်းတည်ရှိရာ မြေနေရာရဲ့ ၆၃ ပေအကွာမှာ တည်ဆောက်နေတာပါ။

အဆိုပါ ဟော်နန်းတည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေမှာ ၇၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်သလို  လုပ်ငန်းဆောင်ရွက်နေမှုတွေကို အပြင်လူတွေဝင်ရောက် လေ့လာကြည့်ရှုခွင့် ကန့်သတ်ထားပြီး သွပ်တွေနဲ့လုံခြုံအောင်ကာရံထားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းရဲ့ ဟော်နန်းတော်ပြန်လည်တည်ဆောက်ရာမှာ မြို့ခံလူထုတွေရဲ့သဘောထားတွေနဲ့ ပတ်သက်ပြီး သိန္နီမြို့ ရှမ်းစာပေယဉ်ကျေးမှူး ဥက္ကဋ္ဌ ဦးစိုင်းမြင့်ထွန်းနဲ့ အတွင်းရေးမှူး ဒေါ်နန်းမွန်းစိန်တို့ကို ဆက်သွယ်မေးမြန်းရာမှာ တည်ဆောက်ရေးပူးပေါင်းကော်မတီကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

သမိုင်းဝင် အဆောက်အဦတွေ၊ ဘာသာရေးအဆောက်အဦတွေကို မူလပုံစံမပျက် ပြုပြင်ထိန်သိမ်းခြင်းအားဖြင့် မိမိတို့နိုင်ငံရဲ့ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မှာဖြစ်လို့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ သိန္နီစော်ဘွားကြီးရဲ့ ဟော်နန်းကို ပြန်လည်တည်ဆောက်ပေးတာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါခရီးစဉ်မှာပြောကြားခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

အဆိုပါ ဟော်နန်းကို ၁၉၁၀ ခုနှစ် ၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာမဟာမင်းခေါင်ဘွဲ့​တော်ရ သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနားပြီး ထည်ဝါတဲ့ ဟော်နန်းအသစ်ကြီးကို တည်ဆောက်ခဲ့ရာက ၊ ၁၉၄၄ ခုနှစ်မှာ အမေရိကန် စစ်လေယာဉ်တွေက သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဟော်နန်းတော်ကြီး မြေခပျက်ဆီးခဲ့တယ်လို့ သမိုင်းအထောက်အထားအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024