ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ကုဋေဖြိုးအောင်ကို ဧပြီ ၁ဝ ရက်က နန်းထိုက်အောင်စစ်ဆင်ရေးအရ မြို့ပြပြောက်ကျားတပ်ဖွဲ့က အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ဆိပ်ကမ်းဝင်းနဲ့ မော်တင်လမ်းထောင့်က လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ ရဲကင်းကြားမှာရှိတဲ့ စားသောက်ဆိုင်ကို ဗိုလ်မှူးကုဋေဖြိုးအောင်က အရက်သေစာ သောက်စားဖို့ အဖော် ၂ ဦးနဲ့အတူ လာရောက်စဉ် ဆိုင်ရှေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။
“ပစ်ခတ်တိုက်ခိုက်မှုအပြီး ပြန်လည်ဆုတ်ခွာချိန် အထွက်လမ်းမှာ ပိတ်နေတဲ့ ပြည်သူတချို့ကို သေနတ်ပြ ဖယ်ခိုင်းခဲ့ရတာမျိုး ရှိခဲ့တဲ့အပေါ် အနူးအညွတ်တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ရှင်းလင်းခဲ့တဲ့ ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ အရင်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စစ်တပ်က တင်သွင်းတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဖြစ်လာပါတယ်။
ဗိုလ်မှူးကုဋေဖြိုးအောင်ဟာ DSA အပတ်စဉ် ၄၈ ဆင်း ကွန်ပျူတာအထူးပြုဘွဲ့ရ စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ရုရှားမှာ ME ဘွဲ့ရယူခဲ့သူလို့ သိရပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။