ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်က စစ်ခေါင်းဆောင် နေအိမ်ခြံဝင်းကိုဝင်တဲ့ လမ်းစောင့်တဲ့ စစ်ကောင်စီ တပ်သားတွေကို ဧပြီ ၁၀ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကားနဲ့လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြားစစ်ခေါင်းဆောင်တွေ နေထိုင်တဲ့ အင်းလျာလမ်းရှိ ဇော်ဂျီလမ်နဲ့ ပန်းဝါလမ်းထောင့် စစ်ကောင်စီ တပ်သားတွေကို ညနေ ၄ နာရီလောက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာပါ။
“အခြေအနေက တော်တော်ရုတ်ရုတ်သဲသဲဖြစ်သွားတာ။ စဖြစ်တော့ ဂိတ်ကို ပစ်တယ်လို့ မထင်ဘူး။ ဒီကောင်တွေ တခုခုကို လိုက်ပစ်တယ်လို့ ထင်တာ။ ပြီးမှ စစ်ခွေးတွေကို လာပစ်သွားတာလို့ သိရတာ ဝမ်းသာလိုက်တာ။ မျက်ရည်တောင် ဝဲတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်သံ စကြားတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေကို လိုက်ပစ်တယ် အထင်နဲ့ မိခင်ဖြစ်သူနဲ့အတူ စိတ်မကောင်းဖြစ်နေကြပြီး စစ်ကောင်စီတပ်သားတွေ ဂိတ်ကို သေနတ်နဲ့ လာပစ်တဲ့ ရုပ်သံဖိုင်တက်လာမှ ဝမ်းသာမိပြီး သက်ပြင်းချရတယ်လို့ သူက ဖြစ်စဉ်ကြားရတဲ့အချိန်ကို ပြန်ပြောပြပါတယ်။
ပစ်ခတ်မှုဟာ အပြန်အလှန်ပစ်ခတ်တာမျိုးမဟုတ်ဘဲ သေနတ်သံ ဆက်တိုက် ၁၅ ချက်ကျော် ကြားခဲ့ရပြီး အချိန်အားဖြင့် ၁ မိနစ်ဝန်းကျင်လောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ လူနာတင်ကားတွေ အသည်းသန် ရောက်လာခဲ့သလို လမ်းတွေကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ကား နဲ့လာရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ ထွက်ပေါ်နေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီနေ့ညနေ တိုက်ခိုက်တာဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ နန်းထိုက်အောင်စစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီနဲ့ပတ်သက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။