စစ်ကိုင်းတိုင်း၊ မုံရွာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်မှာ လာရောက်ရေကစားသူတွေကို ငွေကြေးပေးမယ်ဆိုပြီး စစ်ကောင်စီက စည်းရုံးနေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီကပြုလုပ်တဲ့ ဗဟိုရေကစားမဏ္ဍပ်ဟာ ကန်သာယာနဲ့ တင်ဝင်းထွန်းဟိုတယ်အနီးမှာ ဆောက်လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ မုံရွာဘက်ကို ဈေးသွားတဲ့အချိန်မှာ ကန်သာယာနဲ့တင်ဝင်းထွန်း ဟိုတယ်အနီးမှာ ရေကစားမဏ္ဍပ်ကို ဆောက်နေကြတာ မြင်ခဲ့ရတယ်။ အဲဒီအနီးမှာ စစ်သားတွေ လုံခြုံရေးအပြည့်နဲ့ လာသမျှ ကားတွေ၊ ဆိုင်ကယ်တွေ စစ်ဆေးတယ်။ အဲဒီလိုစစ်ဆေးရင်းနဲ့ သူတို့စစ်တဲ့သူတိုင်းကို ရေကစားဖို့ ခေါ်တယ်။ လာတဲ့သူတိုင်းကို ငွေ ၁ သောင်း မုန့်ဖိုးပေးမယ်လို့လည်း ပြောတယ်။ အဲဒီလိုပြောပြီး လွှတ်လိုက်တယ်ဗျ” လို့ ကိုယ်တိုင်အပြောခံခဲ့ရသူတဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်ကာလအတွင်း မုံရွာမြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးတာတွေ အပြင်းအထန် တင်းကျပ်နေပါတယ်။
စစ်ကိုင်းတိုင်းဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်ကို မသွားကြဖို့နဲ့ စစ်ကောင်စီက ရေကစားရာအနီးမှာ ဗုံးထောင်ဖောက်ခွဲကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဗုံခွဲသလိုပုံမှားလုပ်ကာ ပြည်သူလူထုနဲ့ PDF သွေးခွဲဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။