စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ လမ်းပိုင်းများကို သင်္ကြန်ကာလ အသုံးမပြုကြဖို့ ဒေသခံ ဒေါင်းမင်း PDF အဖွဲ့က အသိပေးတားမြစ်ထားပါတယ်။
သွားလာမှုကန့်သတ်ထားတဲ့ အဓိကလမ်းတွေကတော့ မုံရွာနဲ့ယင်းမာပင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့ ယင်းမာပင်မြို့ပေါ် လမ်းပိုင်းတွေဖြစ်ပြီး ဧပြီ ၁၂ ရက်ကနေ ၁၇ ရက် (နှစ်ဆန်းတစ်ရက်) နေ့အထိ သွားလာခြင်းမပြုလုပ်ကြဖို့ ဒေါင်းမင်း PDF အဖွဲ့ခေါင်းဆောင် ဗိုလ်စက္ကက ပြောပါတယ်။
စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို တားမြစ်ရတာဖြစ်ပြီး စစ်ကောင်စီကို နည်းမျိုးစုံသုံး တော်လှန်မှာဖြစ်တာကြောင့် ပြည်သူတွေမထိခိုက်စေချင်တဲ့ ဆန္ဒကြောင့်လို့ ဆိုပါတယ်။
သင်္ကြန်ပွဲ သွားတဲ့သူတွေဟာလည်း စစ်ကောင်စီကို အားပေးအားမြှောက်ပြုသလို သက်ရောက်မှာဖြစ်ပြီး ကြိုတင်အသိပေး တားထားတဲ့ကြားက သွားလာခဲ့ပါက ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် ဒေါင်းမင်း PDF အဖွဲ့အနေနဲ့ တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီကကျင်းပမယ့် ပွဲတော်တွေမျာ ပူးပေါင်းပါဝင်တာ မပြုလုပ်ကြဘဲ သပိတ်မှောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။