မကွေးတိုင်း မြိုင်မြို့နယ်မှာ ဧပြီ ၂ ရက်နဲ့ ၃ ရက်နေ့တွေက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ကျဆုံး ဒဏ်ရာရတာတွေ ရှိတယ်လို့ သိရပါတယ်။
ဧပြီ ၃ ရက် မနက်ပိုင်းက မြိုင်-ဗဟင်းလမ်းပေါ်မှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို မြိုင်မြို့နယ်မြောက်ပိုင်းမှာလည်း မွန်းလွဲ ၂ နာရီကနေ ၅ နာရီလောက်အထိ ဒေသခံ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ခဲ့ဖြစ်ပြီး မြိုင် PDF က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ်ထဲ သက္ကယ်ကန်ရွာနားမှာလည်း ဧပြီ ၂ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ့ Faw ကားနှစ်စီးကို မြိုင် PDF မြေခွေးပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ရင်းမှူး ၁ ယောက် သေဆုံးပြီး တပ်သား ၃ ယောက်ဒဏ်ရာရရှိသွားတယ်လို့ မြိုင်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးခေါင်းဆောင်စီးလာတဲ့ကားကိုလည်း မြိုင် PDF က ဧပြီ ၂ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားပက်လက်လန်ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။
ဧပြီ ၂ ရက်နေ့ ညနေ ၃ နာရီခွဲလောက်ကလည်း မြိုင်မြို့နယ်၊ စံပြကျေးရွာဘုန်တော်ကြီးကျောင်းထဲမှာ ယာယီတပ်ဆွဲထားတဲ့ စစ်ကောင်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ ဒေသခံ MVRS တပ်က တပ်သား ၁ ဦးကျဆုံးခဲ့ပြီး ကျားသစ်နက်အဖွဲ့က တပ်သား ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျားသစ်နတ်ပြောက်ကြားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ဥက္ကာက “မနေ့ ညနေပိုင်းက ဝင်တိုက်ခဲ့တယ်။ တိုက်ပွဲချိန် ၂ နာရီခွဲကြာတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာရှိတယ်။ ကျနော်တို့ဘက်က လက်လုပ်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်။ အထိခိုက်ကတော့သူတို့ဘက်ကလည်းရှိလိမ်မယ်ဗျ။ အကျဆုံးကိုတော့ အတိကျမပြောနိုင်ဘူး။ နှစ်ဖက်အခြေနေကတော့ အခုချိန်အထိ တင်းမာနေဆဲပဲ”လို့ ပြောပါတယ်။
အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ စံပြကျေးရွာကို အရင်ပထမအကြိမ် စစ်ကောင်စီဝင်ရောက်ခဲ့တုန်းက လည်း ရွာသာများတွေကို သေနတ်ပစ်သတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့သလို ကျေးရွာအတွင်းက ကား ၁ စီးနဲ့ အခြားပစ္စည်းတွေကိုပ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို တင့်ကား ၁ စီးအပါဝင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး စက်မှု ၂ မှာ အင်အား ၁၀၀ ကျော်၊ မြိုင်မြို့ အထက ၂ မှာ အင်အား ၈၀ လောက် တပ်စွဲထားတာကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။