အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန်မှုတွေ မအောင်မြငေစေဖို့ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးတိုင်း က ဧပြီ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လိုတာကြောင့် သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူများအနေနဲ့ သင်္ကြန်ကာလအတွင်းမဏ္ဍပ်တွေကို သွားရောက် လည်ပတ်တာ၊ KTV နဲ့ Private Club တွေမှာ စုစည်းပြီး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်တာ၊ လူစည်ကားရာ နေရာတွေကို သွားရောက်ရေဆော့ကစားတာတွေ မလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးတိုင်းက မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် မန္တလေးမြို့ပေါ်က မြို့ပြ ပျောက်ကျားမဟာမိတ်တပ်ပေါင်းစုကလည်း ဧပြီလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မနက် ၅ နာရီကနေ ၈ နာရီအချိန်အတွင်း ကျုံးပတ်လည်လမ်းတွေကို ဖြတ်သန်းသွားလာမလုပ်ဖို့ အသိပေးထားပါတယ်။