ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ အရေးပေါ်ဌာနနဲ့ ပြင်ပလူနာစောင့်ကြည့်ရေးဌာန ဆောက်လုပ်နေတာ ၂ နှစ်ကျော်ကြာတဲ့ အထိ မပြီးသေးဘဲကြန့်ကြာနေလို့ ခရိုင်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန OPT အတွက် အခက်အခဲကြုံတွေ့နေပါတယ်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသိစံက “အရေးပေါ်နဲ့ ပြင်ပလူနာဌာန ဆောက်လုပ်မှု မပြီးနိုင်တော့ ဆေးရုံအနေနဲ့ ပြင်ပလူနာဌာန OPT ကို သတ်သတ်မှတ်မှတ် စနစ်တကျမထားနိုင်ဘူးဖြစ်နေတယ်။ ဆောက်လုပ်တာလည်း ၂ နှစ်ကျော်ကြာနေပြီ။"လို့ ပြောပါတယ်။
အရေးပေါ်ဌာနနဲ့ ပြင်ပလူနာစောင့်ကြည့်လူနာဌာနကို သီတာရေစင် ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၉ ခုနှစ်စပိုင်းမှာ ဆောက်လုပ်နေတာဖြစ်ပြီး ဆောက်လုပ်မူ ကုန်ကျမူ ၈၀ ရာခိုင်နှုန်းကို ဂျပန်အစိုးက ထုတ်ပေးပြီးဖြစ်ပေမဲ့ ယနေ့အထိ မပြီးစီးသေးတာပါ။
မောင်တောခရိုင်ကျန်းမာရေးကော်မတီ တာဝန်ရှိသူ တဦးက "ဆောက်နေတာ ၂ နှစ်ကျော်နေပြီ။ အဲဒီကုမ္ပဏီကိုလည်း ကော်မတီက တာဝန်ရှိသူတွေ သွားတွေ့ပြီး တင်ပြထားတယ်။ မကြာမီတော့ ပြီးစီးအောင်ဆောက်လုပ်ပေးမယ်လို့ တော့ထင်တယ်။"လို့ ပြောပါတယ်။
မောင်တောခရိုင်ပြည်သူဆေးရုံဟာ ခရိုင်ဆေးရုံဖြစ်ပေမဲ့ X-Ray ဓာတ်မှန်ရိုက်တာနဲ့ ECG ရိုက်တာမှန်ကန်အောင်မပြုနိုင်တဲ့အတွက် ပြင်ပဆေးခန်းတွေမှာသာ သွားရောက် စစ်ဆေးနေရတယ်လို့ လူနာရှင်တယောက်က ပြောပါတယ်။
"ခရိုင်ဆေးရုံဖြစ်ပြီး ECG နဲ့ X-Ray တောင် အဆင်ပြေစွာ မစစ်ဆေးနိုင်တော ။ စိတ်ညစ်စရာ ကောင်းပါတယ်။"လို့ ပြောပါတယ်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် ဂျပန်က အရေးပေါ်ဌာနနဲ့ ပြင်ပလူနာ စောင့်ကြည့်ရေးဌာနအပြင် ဓာတ်မှန်စက်နဲ့ တခြားစက်ကရိယာတွေပါ လှူဒါန်းထားပြီး လက်ရှိမှာ အဆောက်အအုံ ၅၀ ရာခိုင်နှုန်းသာပြီးစီးပေမဲ့ ဓာတ်မှန်စက်နဲ့ တခြားစက်ကိရိယာတွေကတော့ အသုံးပြုနေပြီ ဖြစ်ပါတယ်။