ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာ မီတာခမပေးဆောင်တဲ့ ကားဂိတ်နဲ့ ဆိုင်ခန်းတွေကို မီးလိုက်ဖြတ်နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ လျှပ်စစ်ရုံးဝန်ထမ်းတွေက လက်နက်ကိုင်ရဲတွေနဲ့အတူ မီတာမဆောင်တဲ့ အခန်းတွေကို လိုက်လံစစ်ဆေးပြီး မီဖြတ်နေတာလို့ ဆိုပါတယ်။
အခန်းပိုင်ရှင်တဦးက “မီတာဆောင်ထားလား မေးတယ်။ မဆောင်ရင် မီးဖြတ်မယ်ဆိုပြီး အားချင်းဖြတ်သွားတယ်။ တော်တော်များများ အဖြတ်ခံရတယ်” လို့ ပြောပါတယ်။
အဲဒီဂိတ်အခန်းအများစုဟာ စစ်အာဏာသိမ်းကတည်းက မီတာခပေးဆောင်ထားခြင်း မရှိကြဘဲ အခုမှ ပေါင်းပေးဆောင်ရမယ်ဆိုရင် ကျပ်သိန်းဆယ်နဲ့ချီ ကျသင့်မယ့်အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ စက်သုံးဆီဈေး ကြီးမြင့်လို့ အရှုံးပေါ်ပြေးဆွဲနေကြရတဲ့အချိန်မှာ မီတာခ အတင်းအကျပ် တောင်းခံတာကြောင့် ယာဉ်လိုင်းတွေ အခက်တွေ့နေကြတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တဦးက ဆိုပါတယ်။
အခုလို မီးလိုက်မဖြတ်ခင်ကလည်း လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိတယ်လို့လည်း သိရပါတယ်။