Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ချောင်းသာကမ်းခြေမှ ဧည့်သည်များကို ပြန်လွှတ်
DVB
·
March 21, 2022
Chaung Tha Beach
Chaung Tha Beach 1

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေဒေသကိုရောက်ရှိနေတဲ့ ခရီးသွားဧည့်သည် တွေကို မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက  စတင်ကာ ပြန်လွှတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံ ဟိုတယ်အသိုက်အဝန်းကနေ သိရပါတယ်။ 

မုန်တိုင်းအန္တရာယ်ရှိတာကြောင့် ဟိုတယ်မှာတည်းနေတဲ့ ဧည့်သည်တွေကိုပါ နေ့လယ်ပိုင်းက စတင်ကာ ပြန်လွှတ်နေတာလို့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“နေ့လယ်ပိုင်းကစပြီး ပြန်လွှတ်တာ အဝင်လည်း လက်မခံတော့ဘူး။ ရှိနေတဲ့သူတွေပါ ပြန်လွှတ်နေတာ ဘယ်နေ့ထိပိတ်ထားမယ်ဆိုတာ မသိသေးဘူး”လို့ ပြောပါတယ်။ 

ချောင်းသာကမ်းခြေမှာ ရောက်ရှိနေတဲ့ ဧည့်သည်တွေကို ပြန်လွှတ်နေတဲ့အပြင် ဝင်လာတဲ့ ဧည့်သည်တွေကိုလည်း မြို့အဝင်စစ်ဆေးရေးဂိတ်ကနေ ပြန်လှည့်ခိုင်းနေတယ်လို့ ဆိုပါတယ်။ 

ပင်လယ်ကမ်းခြေဒေသဖြစ်တာကြောင့် မုန်တိုင်းဘေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြန်လွှတ်နေတာ ဖြစ်နိုင်သလို ကမ်းခြေကိုတော့ ဒေသခံရော ဧည့်သည်ပါ မဆင်းခိုင်းတော့ဘူးလို့ သိရပါတယ်။

ဒီနေ့မနက်ကတော့ ချောင်းသာကမ်းခြေမှာရော ငွေဆောင်ဘက်မှာပါ လေပြင်းတွေ တိုက်ခတ်တာမရှိသေးပေမဲ့ ရေနည်းနည်းတက်လာတာနဲ့  မိုးအုံ့တာရှိတယ်လို့ သိရပါတယ်။

ချောင်းသာ၊ ငွေသောင်ယံ ပင်လယ်ကမ်းခြေတွေအပါအဝင် ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားတာ တွေ့ရသလို နေရာအနှံ့ ဒေသခံပြည်သူတွေ သတိထားဖို့ လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ဟာ ယနေ့ညနေပိုင်းမှာ ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး၊ မတ်လ ၂၂ ရက် မနက်ဖန် နေ့လယ် ဧရာဝတီတိုင်း၊ ဟိုင်းကြီး ကျွန်းအနီးသို့ ရောက်ရှိနိုင်ကာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ပါတယ်။

မတ်လ ၂၃ ရက် မနက်ပိုင်း  ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်တွေမှာ ၁၀ ပေမှ ၁၄ ပေအထိ  မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024