စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်းပိုင်းမှာ မတ်လ ၂၀ ရက် နေ့လယ်က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးခဲ့တယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း အောင်ချမ်းသာရွာနားမှာ မွန်းလွဲ ၁၂ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ CNDF၊ PDF-ကလေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီလောက် အပြင်းအထန်ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ် ဟားခါးလေးကျေးရွာနားမှာလည်း မတ်လ ၁၆ ရက်က စစ်ကောင်စီတပ်တွေနဲ့ CNDF၊PDF-ကလေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဘက်ကရဲဘော်တယောက် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။