ကချင်ပြည်နယ်ပိုင် ဖီမော၊ ဂေါ့လန်၊ ကမ်ဖန် ကျေးရွာ ၃ ရွာကိစ္စနဲ့ ဒီကနေ့ မြန်မာ့အရေကို ချိတ်ဆက်ပြီး ဆက်လက်ရေးသားပါရစေ။
ဒီဒေသဟာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းနယ်မြေဖြစ် ‘နိုင်’တယ်ဆိုတဲ့ အင်္ဂလိပ်တောင်တန်း အရာရှိတစ်ယောက်ရဲ့ မှားယွင်းစွာ မှတ်ချက်ချ ပြောဆို ရေးသားဖော်ပြခဲ့တာကို မှတ်သားထားပြီး တရုတ်အစိုးရက ဒီကျေးရွာ ၃ ရွာကို သူတို့ပိုင်နယ်မြေဒေသ ဖြစ်တယ်လို့ အကြောင်းပြ ပြောဆိုကာ မြန်မာနိုင်ငံ ဖဆပလအစိုးရထံ တောင်းခဲ့ပါတယ်။
ဒေသခံကျေးရွာသားတွေက တရုတ်လက်အောက်မှာ မနေချင်ဘဲ၊ မြန်မာနိုင်ငံ (ကချင်ပြည်နယ်) ထဲမှာသာ ဆက်လက် နေထိုင်သွားလိုကြတာကြောင့် ၁၉၅၇ ခုနှစ်မှာ ကချင်တက္ကသိုလ် ကျောင်းသားတွေက ဝန်ကြီးချုပ်ဦးနုအား သွားရောက်တွေ့ဆုံပါတယ်။
ကချင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာအပြည့်အဝပေးဖို့ လိုလားကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့တာနဲ့ ကနေ့ကချင်ပြည်နယ် အခြေအနေက တခြားစီ ဖြစ်နေပါကြောင်း၊ ကချင်ပြည်နယ်ဟာ တိုးတက်သင့်သလောက် မတိုးတက်ကြောင်း၊ ကချင်တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူအခွင့်အရေး ပေးစေလိုကြောင်း၊ ဖီမော၊ ဂေါ့လန်၊ ကမ်ဖန်ကို တရုတ်အစိုးရလက်သို့ မပေးအပ်စေလိုကြောင်း၊ ဒီကိစ္စကို ကချင်တိုင်းရင်းသားတွေအားလုံး ကန့်ကွက်ပါကြောင်း စသဖြင့် တွေ့ဆုံတင်ပြ တောင်းဆိုခဲ့ကြပါတယ်။
ဦးနုက “တရုတ်အစိုးရက သူတို့ပိုင်နယ်မြေ ဖြစ်တယ်ဆိုတဲ့ စာရွက်အထောက်အထားပြပြီး တောင်းလာတာ ဖြစ်တယ်၊ သူတို့ငှားရမ်းထားတဲ့ နမ်ငေါန် အဆိုင်း ထရက်(၁) ကို ပြန်ပေးမယ်လို့ ပြောနေတယ်၊ ဒါကြောင့် ငြင်းရခက်တယ်၊ မင်းတို့လူငယ်တွေ သိအောင်ပြောပြတာဟု ဖျောင်းဖျ ပြောဆိုလိုက်တယ်” လို့ မှတ်တမ်းတခုကို ဖတ်ရပါတယ်။
၁၉၅၇ ခုနှစ် တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ပီကင်းသို့ ဦးနုနဲ့အတူ ဆမားဒူဝါဆင်ဝါးနောင်၊ ဒူဝါဇော်ရစ် တို့အဖွဲ့ လိုက်ပါခဲ့ကြပါတယ်။ ဒူဝါဇန်ထဆင်က “ဒီကိစ္စဟာ ကချင်ပြည်နယ်အရေးကိစ္စ ဖြစ်နေသဖြင့် ကချင်ပြည်နယ် လူထုနဲ့သာ သက်ဆိုင်တယ်၊ ကချင်လူထုသဘောထား ဆန္ဒမပါဘဲနဲ့ ကျနော် မဆုံးဖြတ်နိုင်ပါ၊ ဒါကြောင့် ကျနော် ကချင်ပြည်နယ်ကို အမြန်ပြန်သွားပြီး ကချင်ပြည်နယ် လူထု၏ သဘောထားကို အရင်ယူရမယ်၊ ကချင်ပြည်သူလူထု သဘောထားအတိုင်းသာ ဖြစ်သင့်ပါတယ်၊ ယခုလို ဝန်ကြီးချုပ်၏ ဆန္ဒကို ငြင်းပယ်မိတဲ့အတွက် ကျနော် ဝမ်းနည်းပါတယ်”လို့ ပြောပါတယ်။
ဦးနုက ဒူဝါဇန်ထဆင်အား တရုတ်ခေါင်းဆောင်တွေရှေ့မှာ ငါ့ကို အရှက်ခွဲတယ်ဆိုပြီး အတော် အပြစ်တင်ခဲ့ပါတယ်။
အဆိုပါကျေးရွာ ၃ ရွာကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချနိုင်သေးဘဲ တရုတ်နိုင်ငံမှ ပြန်လာခဲ့ကြပါတယ်။ သူတို့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသောအခါမှာ ကချင် တက္ကသိုလ်ကျောင်းသားများအဖွဲ့က ကန့်ကွက်ဆန္ဒပြပါတယ်။
ဦးနုလက်ထက် မပြီးနိုင် အငြင်းပွားနေတဲ့ ရွာ ၃ ရွာကို ၁၉၅၈ ခုနှစ် ဗိုလ်နေဝင်း အိမ်စောင့်အစိုးရလက်ထက်မှာ တရုတ်အစိုးရလက်သို့ ပေးအပ်ဖို့ သဘောတူညီလိုက်ပါတယ်။ ဝန်ကြီးချုပ် ပြန်ဖြစ်လာတဲ့ ဦးနုကလည်း ၁.၁၀.၁၉၆၀ နေ့ရက်မှာ ပီကင်းမြို့ကို သွားရောက်ကာ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ တွေ့ဆုံ သဘောတူစာချုပ်ကို လက်မှတ်ထိုးပေးခဲ့လိုက်တဲ့အတွက် နောက်ဆုံး မြန်မာနိုင်ငံပိုင် ကချင်တို့ရဲ့ ကျေးရွာ ၃ ရွာ ဆုံးရှုံးခဲ့ရပါတယ်။
ဒီလိုအချိန်မှာ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ကြေညာခဲ့ပြန်ပါတယ်။ ဒီလုပ်ရပ်အပေါ် ဦးနုက ဘာသာရေး ခုတုံးလုပ်ပြီး နိုင်ငံရေးကစားတယ်လို့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ အများပြည်သူက ဝေဖန်ခဲ့ကြပါတယ်။ တနိုင်ငံလုံးရှိ ခရစ်ယာန် ဘာသာဝင်တွေ ကလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ကချင်လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအားလုံး ဆုံးရှုံးသွားပြီလို့ ခံစားလာခဲ့ကြပါတယ်။ အခွင့်အရေးတွေကို ပါလီမန်အတွင်း တောင်းဆိုလို့ ရလိမ့်မယ်လို့လည်း မထင်ကြတော့တဲ့အပြင် ပင်လုံညီလာခံသဘောတူညီချက်အတိုင်း ဖွဲ့စည်းထားတာမဟုတ်တဲ့ ပြည်ထောင်စု ဆိုတဲ့ အခင်းအကျင်းအခြေအနေကို ယုံကြည်မှုမရှိကြတော့ဘဲ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကေအိုင်အို (KIO) ကို ဖွဲ့စည်းခဲ့ပြီး သူ့ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကေအိုင်အေ (KIA) ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထူထောင်လာကြရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အားနည်းချက်နဲ့ နိုင်ငံရေးပြဿနာတွေနဲ့ ခေါင်းဆောင်တွေရဲ့ အမြော်အမြင် အားနည်းမှုကြောင့်ဆိုတာ အားလုံး သင်ခန်းစာယူစရာ ဖြစ်နေပါတယ်။
ဖီမော၊ ဂေါ့လန်၊ ကမ်ဖန် ရွာ ၃ ရွာဖြစ်စဉ်က သင်ခန်းစာယူစရာ ဖြစ်စဉ်တွေထဲက တစ်ခုပါပဲ။ အင်္ဂလိပ် တောင်တန်းအရာရှိတစ်ယောက်ရဲ့ ခရီးသွားဟန်လွဲ ရေးသားမှု မှတ်ချက်တစ်ခုကြောင့် မြန်မာ့မြေ ကချင်ဒေသအစိတ်အပိုင်းဟာ တခြားသူအောက် ပါဖို့ အကြောင်းဖန်လာပါတယ်။
ဒီနောက် နိုင်ငံ့တာဝန်ရှိသူတွေက ပြည်သူ့ဆန္ဒ ဒေသပြည်သူတို့ သဘောထားကို လျစ်လျူရှုခဲ့တဲ့အတွက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရပါတယ်။
ယခု မတ်လ ၂၀ ရက်နေ့မှာ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာမယ်၊ မြန်မာ့အရေးအတွက် တွေ့ကြမယ်၊ ဆွေးနွေးကြမယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုကြပါတယ်။
ဖိလစ်ပိုင်က ဆွေးနွေးပွဲ တကယ်လုပ်မယ်ဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပါမှလက်ခံမယ်၊ အာဏာသိမ်းစစ်တပ်က လက်တဆုပ်စာ ရွေးထားတာတွေနဲ့ လုပ်တာ လက်မခံဘူး၊ အာဆီယံဘုံသဘောတူညီချက်ကို အာဏာသိမ်းစစ်တပ်က ဘာနဲ့မှ အပေးအယူလုပ်တာ၊ အစားထိုးတာ လက်မခံဘူး၊ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ တွဲတာတွေ လာမလုပ်နဲ့ လက်မခံဘူးလို့ ပြောဆိုထားပါတယ်။
ဒီသဘောထားမျိုးကို အာဆီယံနိုင်ငံအများစုနဲ့ ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံနဲ့ ဥရောပ၊ အာရှအင်အားကြီးနိုင်ငံတွေကလည်း အသိအမှတ်ပြု လက်ခံအားပေးထားကြပါတယ်။
မြန်မာ့အရေးဟာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်မှသာ နိုင်ငံအတွက် အကျိုးရှိစေ၊ ကောင်းမွန်စေမယ့်ရလဒ် ဖြစ်လာမယ်ဆိုတာ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ မြန်မာပြည်သူလူထုက နားလည်အသိအမှတ်ပြုလက်ခံ သဘောထားပေးထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ နစကအတွက် လော်ဘီလုပ်ဆောင်နေတဲ့ မဲရှုံးပါတီတချို့က အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ လာရင် ပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး နစကစစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို လိုလား အားပေးထောက်ခံကြဖို့၊ မြန်မာနဲ့ ကမ္ဘာကို လိမ်လည် လှည့်စားဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေတာ မြင်တွေ့နေရပါတယ်။
နစကခေါင်းဆောင်တွေရော မဲရှုံးပါတီခေါင်းဆောင်တွေပါ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ကိုယ်ကျိုးဆန္ဒတွေကို ရှေ့တန်းမတင်သင့်ကြတော့ပါဘူး။ အပြောမှား၊ အပြုမှား တချက်ဟာ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှု များတယ်ဆိုတာ ရှေ့မှာ သင်ခန်းစာတွေ ရှိနေပါတယ်။
ယနေ့ မြန်မာ့အရေးဟာ ဒဏ်ရာအနာတရတွေ များလွန်းနေတဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိမယ့် ရလဒ်အဖြေထွက်ဖို့ လိုအပ်နေပါပြီ။
စည်းလုံးညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံးထူထောင်နိုင်ဖို့၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်း ပေါ်ထွန်းဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ခိုင်မြဲစေဖို့၊ မြန်မာ့ဒီမိုကရေစီအရေး အောင်မြင်စေဖို့အတွက်ဆို ပြည်သူကို ရှေးရှု လုပ်ဆောင်ခြင်းဖြင့်သာ အရာရာအောင်မြင်နိုင်ပါတယ်။ ပြည်သူသာလျှင် အဓိက….
ရွှေဟင်္သာ