ဖိနှိပ်သူ လူတန်းစားသည် ၎င်းတို့၏ အာဏာတည်မြဲရန် ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများသာမက အတွေးအခေါ်ပိုင်း ဖိနှိပ်မှုများကိုလည်း ပြုလုပ်လေ့ရှိသည်။ ရုပ်ပိုင်းဆိုင်ရာဖိနှိပ်မှု ဆိုသည်မှာ ဖိနှိပ်သူ လူတန်းစား၏ အကျိုးစီးပွားကို အကာအကွယ်ပြုသည့် စစ်တပ်၊ ရဲ၊ အကျဥ်းထောင်၊ တရားရုံး စသည်တို့ဖြင့် ဖိနှိပ်ခြယ်လှယ်မှု ဖြစ်သည်။ အတွေးအခေါ်ပိုင်းဖိနှိပ်မှုတွင် ယင်းဖိနှိပ်သူ လူတန်းစား၏ အုပ်ချုပ်မှုကို တရားကြောင်း၊ မှန်ကန်ကြောင်း ပြည်သူများ ယုံကြည်လာအောင် တဖက်သတ်အတွေးအခေါ်၊ အယူအဆများဖြင့် ဖိနှိပ်ခြယ်လှယ်ခြင်း ဖြစ်သည်။
ထို့ပြင် ယင်းအတွေးအခေါ်၊ အယူအဆများသည် ရှိသင့်ရှိထိုက်ကြောင်း၊ ထိုအတွေးအခေါ်များဖြင့် လူ့ဘောင်၊ လူ့အဖွဲ့အစည်းကြီး ပိုမိုကောင်းမွန်လာစေမည့်ဟန် ပုံဖော်တတ်ကြသေးသည်။ Alan Wolfe ၏အဆိုအရ အတွေးအခေါ်ပိုင်း ဖိနှိပ်မှုဆိုသည်မှာ “ဖိနှိပ်အုပ်ချုပ်သူတို့သည် ၎င်းတို့၏ အတွေးအခေါ်များကိုသာ လက်ခံယုံကြည်စေပြီး အခြားအတွေးအခေါ်များကို အယုံအကြည်မဲ့လာစေရန် လူထု၏ သိစိတ်ကို စနစ်တကျ ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးပမ်းမှုဖြစ်သည်” ဟု ဖွင့်ဆိုခဲ့သည်။
၎င်းတို့၏အာဏာကို ရေရှည်တည်မြဲဖို့ လုပ်ဆောင်ရာတွင် အတွေးအခေါ်ပိုင်း ဖိနှိပ်မှုသည်လည်း အဓိကအခန်းကဏ္ဍမှ ပါရှိသည်။ လူထု၌ အသိအမြင် ထုံထိုင်းမှုန်ဝါးလေလေ၊ တော်လှန်နိုင်သည့် အခွင့်အလမ်း နည်းပါးသွားလေလေ၊ ဤနည်းဖြင့် ဖိနှိပ်သူ လူတန်းစားလည်း သက်ဆိုးရှည်လေလေ ဖြစ်သည်။
သမိုင်းခေတ်အသီးသီး
အတွေးအခေါ်ပိုင်း ဖိနှိပ်မှုများသည် သမိုင်းခေတ်အသီးသီးကတည်းက စတင်ပေါ်ထွက်လာခဲ့သည်။ ကျေးကျွန်စနစ် ထွန်းကားသောခေတ်များတွင် ကျွန်ပိုင်ရှင်များက ကျွန်တို့သည် အဆင့်အတန်းမတူ၊ တဆင့်နိမ့်သည့် သတ္တဝါများ၊ ရောင်းကုန်များသဖွယ် သဘောထားခဲ့သည်။ ထိုအတွေးအခေါ်ကို ကျွန်များ လက်ခံလာဖို့လည်း ရိုက်သွင်းခဲ့ကြသည်။
ထိုအခါ ကျွန်များ၏စိတ်ထဲတွင် သူတို့သည် ကျွန်ပိုင်ရှင်များ အဆင့်အတန်းမတူ၊ ကျွန်ပိုင်ရှင်များက သူတို့ထက် အစစအရာရာ အဆင့်အတန်းမြင့်သည်ဟု မှတ်ယူလာကြသည်။ ကျွန်ပိုင်ရှင်တို့က လွှတ်ပေးမှသာ ကျွန်ဘဝမှ လွတ်မြောက်မည်ဟူသည့် ကျား သနားမှ နွားချမ်းသာ အမြင်များကို ကျွန်ုပ်တို့ကိုယ်တိုင် လက်ခံလာခဲ့ကြသည်။
သက်ဦးဆံပိုင်ဘုရင်စနစ် ထွန်းကားသည့်ခေတ်များတွင်လည်း ရှင်ဘုရင်များက သူတို့ကိုယ်သူတို့ ဘုရားသခင်နှင့် ဆွေမျိုးတော်ကြောင်း (တချို့ဘုရင်များတွင် သူတို့ကိုယ်တိုင် ဘုရားအလောင်းအလျာ ဖြစ်ကြောင်း) ပြည်သူ့သဘောထား မပါရင်တောင် တိုင်းပြည်ကို အုပ်ချုပ်နေသည်မှာ ဘုရားသခင်ထံမှ အခွင့်အာဏာကြောင့်ဖြစ်ကြောင်း စသဖြင့် တဖက်သတ် အတွေးအခေါ်များဖြင့် လူထုကို အမြင်လွဲအောင် ပြုလုပ်ခဲ့ကြသည်။ နယ်ချဲ့စနစ် ထွန်းကားလာသည့်အခါမှာလည်း အနောက်တိုင်းသား နယ်ချဲ့သမားများက လူဖြူများသာ မြင့်မြတ်ယဥ်ကျေးပြီး အရှေ့တိုင်းသားများမှာ နလပိန်းတုံးများ ဖြစ်ကြောင်း၊ လူဖြူများ လာရောက်အုပ်ချုပ်ပြီး မပြုပြင်ပါက အရှေ့တိုင်းသားများခမျာ အနုပ်စုတ်ကုပ်စုတ်ဘဝမှ တက်လာတော့မည် မဟုတ်ကြောင်း စသဖြင့် တဖက်သတ် ဝါဒဖြန့်ချိချက်များ ဖြန့်ဖြူးရင်း အခြားတဘက်တွင် ဒေသခံလူထု၏ နယ်နိမိတ်များကို အတင်းအဓမ္မ သိမ်းယူပြီး ကုပ်သွေးစုပ်ခဲ့ကြပေသည်။ အလားတူ ကွန်မြူနစ်အာဏာရှင်များ၊ အစွန်းရောက်များသည်လည်း သွေးစုတ်ခြယ်လှယ်မှုကင်းသော လောကနိဗ္ဗာန်တည်ဆောက်ဖို့ဟု ဆိုကာ လူတန်းစားမမှန်ဟု သူတို့ဘာသာ သတ်မှတ်ထားသော ပညာတတ်များ၊ အနုပညာရှင်များ၊ တခြားသော ပြည်သူများကို သုတ်သင်ရှင်းလင်းဖို့ တဖက်သတ်ဝါဒဖြန့်ချိခဲ့ကြသည်။
တကယ်လည်း သူတို့ ဝါဒဖြန့်မှုများကို လက်မခံသူများကို ကွန်မြူနစ်အာဏာရှင် အစွန်းရောက်များက သုတ်သင်ရှင်းလင်းခဲ့ကြပါသည်။ ထို့အတွက်ကြောင့် ဖိနှိပ်သူ လူတန်းစား၏ အဖိနှိပ်ခံလူတန်းစားအပေါ် အတွေးအခေါ်ပိုင်း ဖိနှိပ်မှုများသည် သမိုင်းခေတ်အသီးသီးကတည်းက တည်ရှိခဲ့သည်ဟု ဆိုရခြင်း ဖြစ်သည်။
စစ်အာဏာရှင်ခေတ် ဗမာပြည် အတွေးအခေါ်ပိုင်း ဖိနှိပ်မှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့သည့် ဗမာပြည်၏ သမိုင်းခေတ်ကာလများတွင်လည်း တည်ရှိခဲ့ပါသည်။ စစ်မိစ္ဆာများသည် အဖိနှိပ်ခံ တိုင်းရင်းသားလူထုအပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်ခဲ့သလို အခြားတဘက်တွင်လည်း အတွေးအခေါ်ပိုင်း ဖိနှိပ်မှုများကို စနစ်တကျ ပြုလုပ်နိုင်ခဲ့သည်။ ယင်းတို့အနက် ထင်ရှားသော ဖိနှိပ်မှုများကို ပမာပြရလျှင် တိုင်းပြည်ပြိုကွဲရေးမူ ဝါ ဖက်ဒရယ် ယခုအခါ ကြွေးကြော်နေကြသော ဖက်ဒရယ်သဘောတရားသည် စစ်အာဏာရှင်တို့ ခေတ်တွင် ပုံဖျက်ခံရသည့် စကားတစ်ခု ဖြစ်ခဲ့ရပါသည်။
ပြည်သူများ၏စိတ်ထဲတွင်လည်း ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲဖို့ ဆိုပြီး ထင်မြင်ခဲ့ကြသည်။ ထိုသို့ ဖြစ်လာအောင် ဖက်ဒရယ်ဆိုတာကို ဒေဝေါကြီး ကြောက်သလို ကြောက်အောင် စစ်မိစ္ဆာများက တဖက်သတ် ပုံဖျက်နိုင်ခဲ့ကြသည်။ သူတို့ကိုယ်တိုင်ပင် ထိုဖက်ဒရယ်ကြောင့် တိုင်းပြည်ကြီး ပြိုကွဲတော့မယ် ဆိုကာ ကလိန်စေ့ငြမ်းဆင်ပြီး တိုင်းပြည်အာဏာကို သိမ်းခဲ့ကြသေးသည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်တွင်လည်း ဖက်ဒရယ်ဝါဒအကြောင်း သင်ယူခွင့်ရခဲ့သည့်တိုင် ဖက်ဒရယ်ဆိုတာ တိုင်းပြည်ခွဲထွက်ရေးမူအဖြစ် မဟုတ်မမှန် သင်ကြားခဲ့ကြသည်။ ဤနည်းဤပုံဖြင့် လူထုအကြား အမြင်ဝေဝါးအောင်၊ အမြင်မှားအောင် စစ်မိစ္ဆာတို့က ပြုလုပ်ခဲ့ကြသည်။
မလုပ်၊ မရှုပ်၊ မပြုတ်
စစ်မိစ္ဆာတို့၏ နောက်ထပ် တဖက်သတ် ဝါဒဖြန့်ချိမှုတစ်ခုမှာ နိုင်ငံရေးကို ပြည်သူတို့ နကန်းတစ်လုံးမှ မသိအောင် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ နိုင်ငံသားတွေနှင့် မဆိုင်။ စစ်ခေါင်းဆောင်တွေနှင့်သာ ဆိုင်သည်ဆိုသည့် အတွေးအခေါ်မျိုးကို လူထုအကြား ရောက်ရှိစေရန် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်ခဲ့ကြသည်။
ပြည်သူတွေ နိုင်ငံရေး စိတ်မဝင်စားမှ၊ စိတ်ဝင်စားရကောင်းမှန်း မသိမှ၊ စိတ်ဝင်စားရမှာ ကြောက်သွားမှသာ စစ်ခေါင်းဆောင်တို့ ထင်သလို အုပ်ချုပ်ခွင့်ရသွားမည်။ ဤကဲ့သို့ ပြည်သူကို အမြင်ကန်းစေသည့် အတွေးအခေါ်သည် များစွာထိရောက်ခဲ့သည်။
အကျိုးဆက်အားဖြင့် ကိုယ်လုပ်မှ ကိုယ်စားရ ဆိုသည့် ပြည်သူများ၊ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုသည့် ဝန်ထမ်းများ ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလား။
ပြင်ညာရေး
စစ်မိစ္ဆာများ၏ အာဏာရှင်အတွေးအခေါ်များသည် စာသင်ခန်းများအထိပါ ပျံ့နှံ့စိမ့်ဝင်ခဲ့သည်။ စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် ပထမဆုံး ကြုံရသည်က ပညာသင်ကြားရာတွင် ကျောင်သား တစ်ယောက်အနေနှင့် လွတ်လပ်စွာ မေးမြန်းခွင့်၊ ဖြေဆိုရှင်းလင်းခွင့်မရှိ ဟူသည့်ကိစ္စပင် ဖြစ်သည်။ “မရှင်းတာ ရှိလား” ဟု စာသင်ကြားသူဆရာက မည်သို့ပင်မေးမေး သူ၏ တုတ်၊ သူ၏ စာမေးပွဲ အမှတ်ပေးမှု၊ နင်တို့က ဘာသိ ဘာတတ်လို့တုန်း ဆိုသည့် သူ၏အာဏာပါဝါများကို ကြောက်ရသည့်အတွက် ကျောင်းသားတော်တော်များများမှာ မေးမြန်းမှု မရှိကြ။ အားလုံး နားလည်ပါသည် ခင်ဗျား လုပ်လိုက်ကြတော့သည်။ ကြာတော့ လွတ်လပ်စွာ သင်ကြားခွင့်၊ မေးမြန်းစူးစမ်းခွင့် ဆိုသော တန်ဖိုးထားအပ်သည့် အလေ့အကျင့်သည် စာသင်ခန်းအတွင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတော့သည်။ ထိုအကျင့်သည် စာသင်ခန်းမှ ကျောင်းပရဝုဏ်ပြင်ပ လူ့အဖွဲ့အစည်းအထိ အမြစ်တွယ်သွားခဲ့တော့သည်။
ဒုတိယတစ်ခုမှာ ဖတ်စာအုပ် ဖြစ်သည်။ အထူးသဖြင့် မအအောင် သင်ကြားရသည့် သမိုင်းနှင့် ပတ်သက်သည့် ဖတ်စာအုပ်များ ဖြစ်သည်။ မူလတန်းအရွယ် သမိုင်းဖတ်စာအုပ်များကို လှန်လှောလိုက်ကြည့်လိုက်လျှင် စစ်ဘုရင်နံ့၊ လူမျိုးကြီးအနံ့တို့ ထွက်လာသည်။ အနော်ရထာ၊ အလောင်းမင်းတရားတို့၏ သူတပါးနယ်မြေအပေါ် နယ်ချဲ့ကျူးကျော်တာကိုပင် အားကျအောင်၊ မှန်ကန်သယောင် သင်ကြားပို့ချထားပါသည်။ ထိုစစ်ဘုရင်များ၏ ထိုကဲ့သို့ ကြိုးပမ်းမှုကြောင့် ဗုဒ္ဓဘာသာ တိုင်းပြည်ကြီး ပေါ်ပေါက်လာပြီး စုစည်းညီညွတ်ကာ ဖွံ့ဖြိုးလာသယောင် ရေးသားထားသည်။ ထိုစစ်ဘုရင်တို့၏ နာမည်များသည် ဖတ်စာအုပ်ထဲတွင်သာမက၊ ကျောင်းသန့်ရှင်းရေးအသင်းများအထိပင် ခြယ်လှယ်လွှမ်းမိုးခဲ့ပေသည်။
အလယ်တန်း ဖတ်စာအုပ်မှာဆိုလျှင်လည်း ဖက်ဒရယ်မူကြောင့် ပြည်တွင်းရောင်စုံသူပုန်များကြောင့် တိုင်းပြည်သည် ပြိုကွဲတော့မည်ဖြစ်၍ တပ်မတော်က နိုင်ငံတော်အာဏာကို “လွှဲပြောင်းရယူ” လိုက်ရခြင်း ဖြစ်ကြောင်း ပြင်ညာရေးလုပ်ထားသည်။
ထိုသမိုင်းလိမ်ကို အလယ်တန်းတင်မက ယခုခေတ် တက္ကသိုလ် သမိုင်းဘာသာရပ်များအထိပင် စစ်တပ် အာဏာသိမ်းမှုကို ထိုသို့ ဖုံးကွယ်လိမ်ညာထားတုန်း ဖြစ်သည်။ အဆိုးဆုံးမှာ ဒါကျက် ဒါဖြေ၊ ဆိုသည့် စက်ရုပ်ဆန်သည့် စာမေးပွဲစနစ် ဖြစ်သည်။ သင်ကြားသူ ဆရာအတိုင်း မဟုတ်လျှင် အမှတ်မရ။ ရေသတ္တဝါငါးမျိုးကို ဖြေတာချင်းအတူတူ သူ ပေးသည့်သတ္တဝါ မဟုတ်လို့၊ ရှေ့ နောက် အစီအစဉ်မကျလို့ ဆိုပြီး အမှတ်မပေးသည့် ဖြစ်ရပ်များကလည်း မနည်းမနော။ ဤသို့ဖြင့် ဗမာပြည်ရှိ စာသင်ခန်းတို့သည် စစ်အာဏာရှင်တို့၏ ဝါဒဖြန့်ချိချက်များ၊ အာဏာရှင်စရိုက်များဖြင့် ပြည့်နှက်နေခဲ့ပါတော့သည်။
ဘာသာရေး ဂျင်း
စစ်မိစ္ဆာများ၏နောက်ထပ် ဂျင်းတစ်ခုမှာ ဘာသာရေး ဂျင်းပင်ဖြစ်သည်။ ဘာသာရေးနှင့် ပတ်သက်ပါက နှစ်ပိုင်း ရှိမည်ထင်သည်။ တစ်ပိုင်းမှာ အခြားသော ဘာသာများနှင့် နှိုင်းယှဉ်မှုအပိုင်း ဖြစ်သည်။ အခြားသော ဘာသာများနှင့်ယှဉ်ပါက ဗုဒ္ဓဘာသာကသာ အထွတ်အမြတ်၊ ကျန်သည့် ဘာသာများက မှားယွင်းသောအယူများဟု ထင်လာအောင် ပြုလုပ်ခဲ့သည်။ မည်သည့်ဘာသာမဆို ကိုယ့်ဘာသာကိုယ် အထွတ်အမြတ်ထားကြမည်မှာ သဘာဝ ဖြစ်ပါသည်။ သို့သော် အခြားသော ဘာသာများ၏ တည်ရှိမှုကိုလည်း အသိအမှတ်ပြုကာ လေးစားရမည် ဖြစ်သည်။
ဤသို့မဟုတ်ဘဲ မိမိနဲ့မတူသော အခြားဘာသာများအပေါ်တွင် မှားယွင်းသော၊ ကောင်းကွက် တစ်ခုမျှမရှိသော ဘာသာရေးများအဖြစ် အထင်အမြင်လွဲမှားအောင် ပုံဖော်ထားခြင်းမှာ တမင်တကာ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပါသည်။
ဒုတိယတစ်ခုမှာ ဗုဒ္ဓဘာသာ၏ ဘာသာရေးကိုယ်၌ပင် ဖြစ်သည်။ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဆိုသူများက ဗုဒ္ဓဘာသာဝင် လူထုအပေါ် အမြတ်ထုတ်ထားသော မတရားသော အယူအဆများ ဖြစ်သည်။ ဥပမာပြရလျှင်— မိမိတွင် ဖြစ်လာသမျှ ဒုက္ခအဝဝသည် တိုင်းပြည်ကို တာဝန်ယူထားသောသူများနှင့် မဆိုင်၊ အတိတ်က ဝဋ်ကြွေးကြောင့် ဆိုတာမျိုး၊ အုပ်ချုပ်သူ မင်း ဆိုတာ ကြီးမြတ်လှကြောင်း၊ မည်မျှပင် မကောင်းမှုပြုလုပ်ထားစေကာမူ အလှူအတန်း ပြုလုပ်ပါက လက်ရှိဘဝမှာသာမက နောက်ဘဝအထိပါ ကုသိုလ်ရကြောင်း စသည်တို့ ဖြစ်သည်။ ဤဘာသာရေးဂျင်းများသည် ဖိနှိပ်သူ စစ်အာဏာရှင် လူတန်းစားနှင့် တိုက်ရိုက်မသက်ဆိုင်ဟု ဆိုနိုင်စေကာမူ သွယ်ဝိုက်ပြီး သက်ဆိုင်နေသောကြောင့် ဖော်ပြရပါသည်။
တိုင်းရင်းသားအရေး
စစ်မိစ္ဆာများသည် တိုင်းရင်းသားအရေးနှင့်ပတ်သက်ပါက အင်္ဂလိပ်နယ်ချဲ့များထက်ပင် ဆိုးသည်။ မြေပြန့်တွင် နေထိုင်သူ မြန်မာလူမျိုးများ၏ အမြင်တွင် တောင်ပေါ်တိုင်းရင်းသားများမှာ ယဉ်ကျေးမှုမရှိသူ၊ နားတစ်ဖက်ပေါက်များ၊ အရိုင်းအစိုင်းများအဖြစ် ထင်လာအောင် ပုံဖော်ခဲ့ကြသည်။
ကိုးကွယ်သည့် ဘာသာ၊ လူမျိုး၊ ပြောဆိုသည့်ဘာသာစကား၊ ယဉ်ကျေးမှု အစစအရာရာ ခြားနားနေသည့် တိုင်းရင်းသားများအပေါ်တွင် မြန်မာလူမျိုးတို့အနေဖြင့် နားလည်လာအောင်၊ မတူ ကွဲပြားမှုကို လက်ခံလာအောင် လေ့ကျင်ပေးရမည့်အစား အဆိုးမြင်အတွေးများကိုသာ သွတ်သွင်းခဲ့ကြသည်။ ရလဒ်အနေဖြင့် မြန်မာအများစုမှာ တိုင်းရင်းသားများနှင့် မဆက်ဆံရခင်မှာပင် သံသယကိုယ်စီ ရှိနှင့်နေကြသည်။ ထို့အပြင် တိုင်းရင်းသား တော်လှန်ရေးတပ်များကိုလည်း သောင်းကျန်သူ၊ သူပုန်များ၊ ပြည်တွင်းစစ်တရားခံများအဖြစ် မြေပြန့်ရှိ မြန်မာလူမျိုးတို့ မြင်လာအောင် ပုံဖော်ခဲ့ကြသည်။
၂၀၁၅ က ဖြစ်ပွားခဲ့သော ကိုးကန့်စစ်ပွဲ၊ မကြာမီနှစ်များက ဖြစ်ပွားသည့် AA နှင့် တိုက်ပွဲများတွင် မြန်မာလူမျိုးအချို့က တို့တပ်မတော်ကြီး လုပ်ခဲ့ကြသေးသည် မဟုတ်ပါလော။
အခြားတဘက်မှာတော့ တပ်မတော်သာ ငြိမ်းချမ်းရေးကို လိုလားသူ၊ သောင်းကျန်သူများကို နှိမ်နင်းသူအဖြစ် ဝါဒဖြန့်ချိခဲ့ကြပါသည်။
လက်ရှိ နွေဦးကာလ
စစ်မိစ္ဆာများ၏ ဖော်ပြပါ တဖက်သတ် အတွေးအခေါ် မှိုင်းများသည် ယခုအချိန်တွင် ရှိသေးလား ဆိုလျှင် နွေဦးတော်လှန်ရေးကြောင့် တော်တော်များများ လွင့်ပြယ်သွားပြီဖြစ်သည်ဟု ဖြေဆိုရပါမည်။ နွေဦးတော်လှန်ရေးကြောင့် ပြည်သူအများစုသည် ထိုအတွေးအခေါ် တော်တော်များများကို မယုံကြည်ကြတော့ပေ။
သို့တိုင် ခရီးကြမ်း တနှစ်ကျော် ကြာလာခဲ့ပြီဖြစ်သည့် လက်ရှိ ပြည်သူတို့၏ နွေဦးတော်လှန်ရေးတွင်လည်း ဖိနှိပ်သူ စစ်မိစ္ဆာများဘက်မှ အတွေးအခေါ်ပိုင်းအရ ဝါဒဖြန့်၊ မှိုင်းသွင်းခဲ့ကြသည်များ မရှိ မဟုတ်၊ ရှိခဲ့ပါသည်။ မဲခိုးလို့ အာဏာသိမ်းရကြောင်း၊ PDFများကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ရကြောင်း၊ ထို့အတွက် တပ်မတော်က တရားသဖြင့် စစ်တိုက်နေရကြောင်း အစရှိသည်တို့ ဖြစ်သည်။ သို့ပါသော်လည်း ထိုအတွေးအခေါ်များ၊ ဝါဒဖြန့်ချိမှုများကလည်း ထိရောက်မှုမရှိပါ။ သူတို့၏ အတွေးအခေါ်အရ ဖိနှိပ်ရန် ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရှိသေးဟု ဆိုရပေမည်။
သို့သော် ကြီးမားသည့်ကိစ္စ မဟုတ်သည့်တိုင် သတိထားရမည့် ကိစ္စများလည်း တွေ့ရှိလာရသည်။ ဥပမာ— လျှပ်စစ်မီး၊ အင်တာနက်နှုန်းထား၊ ကုန်စျေးနှုန်း စသည်တို့ကို လိုသလို အသုံးချရင်း လူထုကို သူတို့ အုပ်ချုပ်မှုမှာ အသားကျလာအောင်၊ အမြင်ဝေဝါးလာအောင် ပြုလုပ်လာနိုင်သည်။ တော်လှန်ရေးခရီးကြမ်းကို အချိန်ကြာမြင့်စွာ ချီတက်လာရသည်က တကြောင်း၊ အကြမ်းဖက် အတင်းအဓမ္မ ဖိနှိပ်မှုကြောင့် တကြောင်း လူထုပန်းနေချိန်တွင် ဝါဖြန့်ချိရေးများက ပိုမိုထိရောက်လာနိုင်သည်ကိုတော့ သတိထားရပါမည်။
နိဂုံးချုပ်ရမည်ဆိုပါက စစ်မိစ္ဆာများ၏ အတွေးအခေါ်ပိုင်းအရ ဖိနှိပ်ရန် ကြိုးပမ်းမှုများမှာ ယခုချိန်အထိတိုင် ထိရောက်အောင်မြင်မှု မရှိသေးပေ။ အဖိနှိပ်ခံ ပြည်သူများအနေဖြင့် စစ်အုပ်စု၏ အတွေးအခေါ်ဖိနှိပ်မှုများကို အတိုင်းအတာတစ်ခုအထိ တွန်းလှန်ထားနိုင်ပြီ ဖြစ်ပါသည်။
သို့သော်လည်း အခြားတစ်ဖက်တွင် မိမိတို့ဘက်မှ တော်လှန်ရေး အတွေးအခေါ်များ ပြတ်သား အားကောင်းလာအောင်၊ စစ်မိစ္ဆာ၏ အတင်းအဓမ္မ ဖိနှိပ်မှုများကြောင့် မိမိတို့ဘက်မှ အမြင်မှုန်ဝါးမသွားဘဲ တော်လှန်ရေးခရီးကြမ်းကို အမြင်ကြည်ကြည်လင်လင်နှင့် ဆက်လက် လျှောက်လှမ်းနိုင်အောင် စုစည်းညီညွတ်ထားကြဖို့ လိုအပ်ပါသည်။ မိမိတို့၏ တန်ပြန် အတွေးအခေါ်အတွက် စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားဖို့ လိုအပ်ပါသည်။ နွေဦးတော်လှန်ရေးသည် စစ်မိစ္ဆာများနှင့် ဘက်ပေါင်းစုံမှ အားပြိုင်မှု ဖြစ်နေသည့်အတွက် အတွေးအခေါ်တိုက်ပွဲတွင်လည်း မိမိတို့ တော်လှန်ရေးအင်အားစုများဘက်မှ အသာစီးရဖို့ လိုအပ်ပါသည်။
နွေဦးဇင်