Home
မြန်မာသတင်း
မိုင်းဆွဲခံရမှုကြောင့် အကျအဆုံးများနေသည့် စစ်တပ်က ကလေးမြို့ ကျေးရွာနေအိမ်များကို မီးရှို့
DVB
·
March 17, 2022
PDF Kalay

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်မှုတွေကြောင့် အကျဆုံးများနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာနေအိမ်တွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၄၊ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလေး PDF နဲ့ ပူးပေါင်းတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကား ၁၄ စီး၊ အင်အား ၃၀၀ လောက်နဲ့ ကလေးနည်းပညာတက္ကသိုလ်ကနေ နတ်မြောင်း၊ နတ်ချောင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၄ ရက်နေ့ ညနေ ၄ နာရီလောက် စည်သာရွာနဲ့ နတ်မြောင်းရွာအကြားမှာ မိုင်းတွေထောင်ပြီး တိုက်ခိုက်ခဲ့တာလို့ ကလေး PDF တပ်ဖွဲ့က ပြောပါတယ်။
မတ် ၁၅ ရက်နေ့ မနက်အစောပိုင်းကလည်း စည်သာရွာဘက်ကနေ စစ်ကြောင်းဖြန့်ခွဲပြီး နတ်မြောင်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲခဲ့သလို နေ့လယ်ပိုင်းမှာလည်း ပင်စည်သာရွာဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကလေး PDF က ၃ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ မနက် ၉ နာရီလောက်ကလည်း နတ်မြောင်းရွာဘက်ကနေ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး ကျေးရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကလေး PDF၊ CNDF၊ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ နေ့လယ်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က နတ်ချောင်း၊ နတ်မြောင်းကျေးရွာဘက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးလောက် သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က CNDF တပ်ဖွဲ့ဝင် ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကလေး PDF သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကလေးနည်းပညာတက္ကသိုလ်ဘက်ကိုလည်း မတ် ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ကလေး PDF က လက်နက်ကြီးတွေနဲ့ ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာတွေကို ဝင်ရောက်ပြီး နေအိမ် အလုံး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ချောင်းခွ၊ ဟားခါးလေး ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024