စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်ထဲက တင်သားကျေးရွာကို မတ်လ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကိုထိမိပြီး ၂ ဦးသေဆုံးသွားပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီအဖွဲ့တွေရဲ့ အလောင်းတွေကို ဒီအတိုင်းထားခဲ့ကာ လက်နက်တွေကိုတော့ ပြန်ယူဆောင်သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မတ်လ ၉ ရက်နေ့ကလည်း အဆိုပါစစ်ကောင်စီတပ်သားတွေဟာ တင်သားကျေးရွာမှာရှိတဲ့ တောင်သူတွေရဲ့ ယာခင်းတောတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ယာတဲ ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အလားတူ ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှာလည်း မတ်လ ၁၀ ရက်နေ့ ညပိုင်းက ပျူစောထီးတပ်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ စစ်ကူသွားရောက်ပြီး ပြန်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မုံရွာ - အမြင့်လမ်းပိုင်းတစ်နေရာမှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲညီနောင် မဟာမိတ် (၈) ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီယာဉ်တန်းက စစ်ကားတစ်စီးက ကြေမွပျက်စီးသွားပြီး စစ်ကောင်စီတပ်သားအရေအတွက် ဘယ်လောက်ထိခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ Monywa PEREGRINE PDF ကထုတ်ပြန်ထားပါတယ်။
ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တွေဟာ မကြာခဏထိတွေ့ မှုတွေဖြစ်နေတဲ့အတွက် အချိန်မရွေးနေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းကြောင်းကိုအသုံးမပြုကြဖို့ကိုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။