“ဈေးသာတက်နေတာ အရောင်းအဝယ်က ကောင်းတာမဟုတ်ဘူး။ ရှေ့ဘယ်လိုနေစားရမလဲတောင် မတွေးတတ်တော့ဘူး”လို့ နွမ်းရော်နေတဲ့ အဝါရောင်အကျီနဲ့ အညိုရောင်ထဘီကို ဝတ်ဆင်ထားတဲ့ ဒေါ်ကြည်မြင့်က သူရဲ့အကြော်တဲ အမိုးအကာတွေကို ဖြုတ်သိမ်းနေရင်း ညီးတွားနေပါတယ်။
အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ကြည်မြင့်ဟာ ရောဂါသည်ခင်ပွန်းသည်နဲ့ ဆယ်ကျော်သက်အရွယ် သားသမီးနှစ်ယောက်နဲ့အတူ မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ နေထိုင်ရင်း အနှစ်၂၀လောက် အကြော်ကြော်ရောင်းချနေတဲ့သူ ဖြစ်ပါတယ်။
အခုတော့ အကြော်ကြော်တဲ့ စားဆီတွေဈေးတွေ အဆမတန် တက်လာတာကြောင့် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ရောင်းတဲ့ သူ့ဆိုင်ကို ဆိုင်ပိတ်လိုက်ရပါတယ်။
အာဏာမသိမ်းခင် ၂၀၂၁ အစောပိုင်းကာလတွေတုန်းက စားအုန်းဆီဈေးနှုန်းဟာ တစ်ပိဿာကို ၂၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပေမယ့် အခုနှစ် ၂၀၂၂ မတ်လရောက်တော့ ၇၅၀၀ ကနေ ၈၀၀၀ ကျပ်နီးပါအထိကို အဆမတန် ဈေးတက်သွားခဲ့ပါတယ်။
အကြော်ဗန်းတစ်ခုဖြစ်လာဖို့ အဓိကကျတဲ့ ဆီဈေးဟာ သုံးဆကျော် လေးဆနီးပါး တက်သွားခဲ့ပေမယ့် အကြော်ဈေးနှုန်းကိုတော့ အဲ့ဒီလောက်ပမာဏ အထိ ဈေးတက်ရောင်းဖို့ မဖြစ်နိုင်ပါဘူး။ ငါးဆယ်ကျပ်တန်အကြော်တစ်ခုကို ဆီဈေးတက်တာကြောင့် လေးဆတက်ရောင်းဖို့က မလွယ်ပါဘူး။ ဒါ့ကြောင့် စားသောက်ကုန်လုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ အထိနာခဲ့ရပြီး ဒေါ်ကြည်မြင့်တို့လို ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေဟာ ရပ်နားသွားရတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။
“အခုဆီဈေးအတိုင်း ရောင်းမယ်ဆိုရင် အကြော်တခုကို နှစ်ရာရမှ ရောင်းနိုင်မှာ။ အဲဒါဆိုဘယ်သူမှ ဝယ်စားတော့မှာ မဟုတ်ဘူး။ အကြော်တခု ငါးဆယ်တောင် မိသားစုသုံးယောက်ရှိတဲ့ အိမ်ကနှစ်ရာဖိုးပဲ ဝယ်နိုင်တာ။ တချို့ဆို အကြော်ဖိုးလေး နှစ်ရာ၊သုံးရာကိုပဲ အကြွေးယူစားရတဲ့ သူတောင်ရှိတယ်” လို့ ဒေါ်မြင့်ကြည်က ဆိုပါတယ်။
အခုလိုဆိုင်လေး ပိတ်လိုက်ရချိန်မှာတော့ အကြော်ကြော်ရောင်းရင်း ရတဲ့ငွေအပေါ်မှာ မှီခိုစားသောက်နေရတဲ့ သူတို့မိသားစုလေးယောက်ဟာ မိသားစု စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက်ပါ စိုးရိမ်ပူပန်နေကြရတယ်။
ဒါကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာဈေးမှာလည်း စံချိန်တင် မြင့်တက်နေတာကြောင့် ဒေါ်လာနဲ့ ဝယ်ယူသုံးစွဲနေရတဲ့ စားအုန်းဆီဈေးဟာ အခုလောက်အထိ တက်သွားတာဖြစ်ပါတယ်။
NLD အစိုးရအုပ်ချုပ်စဉ်ကာလ ကိုဗစ်ပထမနဲ့ဒုတိယလှိုင်းတွေမှာ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် အခြေခံလူတန်းစားတွေဟာ အခုလောက်အခြေအနေအထိ ဆိုးဆိုးဝါးဝါးမထိ ခိုက်ခဲ့ရပါဘူး။ အာဏာသိမ်းပြီးနောက်မှာတော့ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာရာကနေ လက်ရှိအချိန်မှာတော့ အဆမတန် ဈေးနှုန်းတက်လာတာကြောင့် ဈေးသည်တွေသာမက စားသုံးသူတွေပါ အခက်အခဲတွေ့ကြရတာပါ။
ကိုဗစ်မဖြစ်မီ၂၀၁၉ ခုနှစ်လောက်က စားအုန်းဆီဈေးနှုန်းဟာ တစ်ပိဿာကိုမှ ကျပ် ၁၈၀၀ သာရှိခဲ့တာမို့ ဒေါ်ကြည်မြင့်တို့လို ဈေးဆိုင်ငယ်တွေအနေနဲ့ အရောင်းအဝယ်သွက်ခဲ့လို့ အထွေထွေစရိတ်တွေနုတ်အပြီး တစ်လရောင်းရငွေဟာ တစ်သိန်းခွဲ၊ နှစ်သိန်းလောက် အသားတင် ကျန်ပါတယ်။
ကိုဗစ်ကာလမှာတော့ လုပ်ငန်းတွေအားလုံး ယာယီရပ်နားထားတဲ့ကြားက ဈေးတွေကတက်၊ ဆိုင်တွေက ဖွင့်တခါ ပိတ်တလှည့် ဖြစ်ခဲ့ရတော့ ဒေါ်မြင့်ကြည်ရဲ့ အကြော်ဆိုင်လေးဟာ ယိုင်နဲ့စ ပြုလာပါတယ်။
ဒီအချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် လုံခြုံရေးအကြောင်းပြချက်တွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ခြောက်လနီးပါးကြာ အကြော်ဆိုင်ကို ပိတ်ထားခဲ့ရ ပြန်ပါတယ်။ အဲ့ဒိနောက် ဆိုင်ပြန်ဖွင့်ခဲ့ပေမယ့် အစစအရာရာ ဈေးတွေတက်နေတာကြောင့် အမြတ်အရင်ကလောက် မရတော့ပါဘူး။ ဆိုင်ပြန်ဖွင့်တာ ငါးလလောက် ရောက်ချိန်မှာတော့ အဆမတန် တက်လာတဲ့ စားအုန်းဆီဈေးကြောင့် တွက်ချေမကိုက်တော့မို့ သူ့အကြော်တဲလေး ပိတ်နားလိုက်ရတာ ဖြစ်ပါတယ်။
ဝင်ငွေမရှိတော့တဲ့ဘဝမှာ မိသားစုတွေဟာ မနက်နဲ့နေ့လယ်စာ ပေါင်းစားရတဲ့အထိ ချွေတာသုံးစွဲနေကြရတယ်လို့ ဒေါ်မြင့်ကြည်က ပြောပါတယ်။
စားအုန်းဆီဈေးတွေ နေ့ချင်းညချင်း ထိုးတက်သွားတာဟာ နိုင်ငံရေးမတည်ငြိမ်မှုကနေ နောက်ဆက်တွဲဖြစ်လာတဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့်လို့ အမည်မဖော်လိုတဲ့ စားသုံးဆီလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
“စားဆီကို မလေးရှားကနေ ဒေါ်လာနဲ့ဝယ်ရတော့ ငွေဈေးပေါ်မှာ အခြေခံပြီး ဈေးနှုန်းအတက်အကျ ဖြစ်တာ။ စစ်ရေး၊ဘာညာကြောင့် ဆိုတာထက် အဓိကက မြန်မာကျပ်ငွေဈေး ထိုးကျလို့ဖြစ်နေတာ။ ဒါကိုအမြန်ဆုံး မထိန်းချုပ်နိုင်ရင် ဆိုင်ကြီးတွေပါ ပိတ်ရတာမျိုးတွေ ဖြစ်လာလိမ့်မယ်” လို့ သူက ခန့်မှန်းချက် ပေးပါတယ်။
အခုအချိန်မှာတော့ အရင်းအနှီးနည်းပြီး “ယနေ့ရောင်းရငွေက၊ နက်ဖန်အတွက်အရင်း” ဆိုတဲ့ ပုံစံနဲ့ လည်ပတ်နေတဲ့ ဈေးဆိုင်လေးတွေဟာ ပြိုလဲကုန်ပါတယ်။ ရန်ကုန်မြို့လယ် ဘားလမ်းထဲမှာ ထမင်းဆိုင်ဖွင့်ထာတဲ့ ဒေါ်သက်သက်ဟာ မန္တလေးမြို့၊ ဒေါ်ကြည်မြင့် လိုပဲ စားဆီဈေးကြီးတာကြောင့် တွက်ချေမကိုက်ဘဲ ဆိုင်ပိတ်ခဲ့ရတဲ့သူပါ။
“အရင်းရှုံးနေတာကြာပြီ။ အခြေအနေလေး ကောင်းလားမလားလို့ စောင့်ရင်း တောင့်ခံလာတာ။ အခုဆီဈေးနဲ့က ဘယ်လိုမှ မကိုက်တော့လို့ ပိတ်လိုက်ရတာ”လို့ ပြောပါတယ်။
အသားဟင်းတစ်မျိုး၊ အရွက်ကြော်အနည်းငယ်နဲ့ ငရုတ်သီးကြော် တို့ပါဝင်တဲ့ ပုံစားလို့ခေါ်တဲ့ ထမင်းတစ်ပွဲကို ဒေါ်သက်သက်ရဲ့ဆိုင်မှာ ၁၅၀၀ နဲ့ရောင်းနေတာပါ။ လက်ရှိဆီဈေးနဲ့ဆိုရင် ပုံစားတစ်ပွဲကို ငွေကျပ် ၄၀၀၀ ဝန်းကျင်မရရင် မရောင်းနိုင်ဘူးလို့ သူကဆိုပါတယ်။
“အာဏာသိမ်းပြီးကတည်းက ဆန်၊ ဆီ၊ ဟင်းရွက်ဟင်းသီးကအစ အကုန်တက်တာ။ ကျမတို့တက်ရောင်းရင် ဝယ်စားမယ့်သူ ရှိတော့မှာမဟုတ်ဘူး။ ဝယ်သူမရှိရင် ဈေးမရောင်းရတော့ဘူးပေါ့” လို့ ဒေါ်သက်သက်က ရှင်းပြပါတယ်။
စားအုန်းဆီဈေးမတက်ခင်ကလည်း ကုန်စိမ်းဈေးတွေ တက်ခဲ့ပါသေးတယ်။ အစစအရာရာ ဈေးတက်နေတဲ့ခေတ်မှာ ဆန်ချောနဲ့ဆန်ကြမ်းရောချက်တာတို့၊ ဆီကိုခိုချက်တာတို့၊ ဈေးပေါတဲ့ ဟင်းရွက်ဟင်းသီးတွေ သုံးတာတို့စတဲ့နည်းတွေ သုံးပြီးဖြေရှင်းခဲ့ရင်လည်း ရေရှည်ဆိုင်ရပ်တည်ဖို့အတွက် ဖြစ်နိုင်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ အခုတော့ နောက်ဆုံးမှာ မိသားစု ကိုးယောက်လောက်ကို ထမင်းကြွေးနေတဲ့ ဆိုင်လေးဟာ ပိတ်ခဲ့ရပါပြီ။
ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မနက်ခင်းစာတွေဖြစ်တဲ့ အီကြာကွေး၊ ပလာတာနဲ့ စာမူဆာရောင်းနေတဲ့ ဒေါ်စိန်အေးတို့ လင်မယားနှစ်ယောက်လည်း ဆက်မရောင်းနိုင်တော့ဘဲ ရပ်နားလိုက်ရပါတယ်။
“ကျမတို့အလုပ်က ဆီအဓိကသုံးရတာမို့ ဈေးတက်ရင် ဘာမှလုပ်လို့မရတော့ဘူး။ အီကြာကွေးတို့၊ ပလာတာတို့က တစ်ခုကိုနှစ်ရာ အလွန်ဆုံးပဲ။ ဒီထက်ဈေးတိုးတောင်းရင်လည်း ဝယ်စားနိုင်တော့မှာ မဟုတ်ဘူးလေ။ ကျမတို့လည်းအဲ့ဈေးနဲ့ မရောင်းနိုင်တော့။ အရင်းရှုံးမယ့်အတူတူ ပိတ်လိုက်တာ”လို့ ပြောပါတယ်။
စားအုန်းဆီဈေး မြင့်တက်နေတာကြောင့် တန်ဖိုးနည်းစားသောက်ဆိုင်ငယ်တွေ ပိတ်သိမ်းသွားတော့ ဆိုင်ရှင်တွေလို အထိနာတဲ့သူတွေဟာ အခြေခံအလုပ်သမားတွေနဲ့ ဝင်ငွေနည်း မိသားစုတွေ ဖြစ်ကြပါတယ်။ ကိုဗစ်နဲ့အာဏာသိမ်းမှုတွေကြောင့် နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်တဲ့ စီးပွားရေးကျဆင်းမှုတွေအကြား အလုပ်အကိုင်ရှားပါးချိန်မှာ ဝင်ငွေနည်း မိသားစုတွေဟာ တန်ဖိုးနည်း အစားအသောက်တွေကိုသာ အားထားနေကြရတာပါ။
အခြေခံလူတန်းစားတွေရဲ့ နံနက်ခင်းစာဟာ ထမင်းကြမ်းတစ်ခဲ၊အကြော်နှစ်ခုနဲ့ ပြီးရတဲ့သူရှိသလို တချို့ဆိုရင် ဟင်းချက်ဖို့ ငွေကြေးမလုံလောက်တာကြောင့် အကြော်လေး သုံးရာဖိုးလောက်နဲ့ ည၊မနက် ဝမ်းဖြည့်နေရသူတွေလည်း ရှိကြပါတယ်။
အလုပ်အကိုင်တွေ ရှားပါးလာတဲ့အပြင် ကုန်ဈေးနှုန်းတွေကပါ ထိုးတက်လာတဲ့အတွက် တစ်နေကုန် အလုပ်လုပ်မှ ငွေကျပ် ၃၀၀၀၊၄၀၀၀ အပြင်ပိုမရတဲ့ ပျံကျအလုပ်သမားတွေရဲ့ ဘဝဟာ မနက်နဲ့ည ထမင်းနပ်မှန်အောင် စားဖို့တောင်မလောက်ဘူးလို့ ရန်ကုန်က ကလေးတစ်ယောက်မိခင် အိမ်ရှင်မ ဒေါ်ထွေးက ပြောပါတယ်။ သူ့အမျိုးသားဟာ ရန်ကုန် ဘုရင့်နောင်ပွဲရုံမှာ ကုန်စည်ထမ်းတဲ့သူ ဖြစ်ပါတယ်။
တစ်ရက်မှ ဝင်ငွေ ၄၀၀၀ လောက်သာ ဝင်ငွေရှိတဲ့ အခြေခံလူတန်းစား မိသားစုဟာ မနက်၊နေ့လည်၊ည သုံးနပ်စာစားစရိတ် လောက်ငှရုံသာ ရှိတဲ့ပါတယ်။ ဒီကြားထဲ ကုန်ဈေးနှုန်းကလဲ အဆမတန် တက်လာတဲ့အတွက် ဝင်ငွေနည်းမိသားစုတွေဟာ ထမင်းဝဖို့ ခက်ခဲလာပါတော့တယ်။
“ဆန်၊ဆီဈေးတွေ ဒီလောက်တက်နေမှတော့ ကျမတို့လို တနေ့လုပ်မှတနေ့စားရသူတွေ ရေသောက်ဗိုက်မှောက် နေရပြီပေါ့။ အရင်ကိုဗစ်တုန်းကလို အစိုးရက ထောက်ပံ့တာလည်းမရှိ၊ ကူညီမယ့်အဖွဲ့တွေပါ မလာတော့ ကျမတို့တွေ ဒုက္ခပြီးတော့ ဒုက္ခနဲ့ထပ်တွေ့သလို ဖြစ်နေပြီ” လို့ အိမ်ထောင်ရှင်မဖြစ်တဲ့ မညိုက ဆိုပါတယ်။
အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်တဲ့အသက် ၂၇နှစ်အရွယ် မတင်လှကလည်း အရင်ကဆို ကျပ်သုံးရာနဲ့ ဝယ်လို့ရတဲ့ ထမင်းဖြူတစ်ထုပ်ဟာ အခုဆိုရင် ငါးရာဖြစ်သွားတဲ့အတွက် “နောက်ဆိုထမင်းတောင် ဝယ်မစားနိုင်တဲ့ဘဝ ရောက်တော့မယ်” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာတာကြောင့် နိုင်ငံခြားငွေနဲ့ ဝယ်ယူရတဲ့ စားအုန်းဆီနဲ့စက်သုံးဆီလို ကုန်စည်တွေဟာ ဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။ တက်လာတဲ့ ကုန်ဈေးနှုန်းကို ကာမိစေဖို့ဆိုပြီး အာဏာသိမ်းစစ်တပ်ကတော့ ဒေါ်လာဈေးကို ထိန်းဖို့အတွက် အမေရိကန်ဒေါ်သန်း ၁၅၀ ကို ဈေးပြိုင်လေလံစနစ်နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ရောင်းချပေးတာရှိပေမယ့် ဒါကလည်းထိရောက်မှုတော့ မရှိခဲ့ပါဘူး။
ကိုဗစ်ရိုက်ခတ်မှုနဲ့စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလထဲမှာ ဆိုးရွားခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ ယခုနှစ် ၂၀၂၂ ခုနှစ်ထဲမှာလည်း အဆိုးဆုံးအခြေအနေတွေနဲ့ ထပ်မံကြုံ တွေ့လာရဖွယ်ရှိ တယ်လို့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းနေကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အကျပ်အတည်း နှစ်ခုကြုံတွေ့ရတာကြောင့် နိုင်ငံရဲ့လူဦးရေ ထက်ဝက်ခန့် ဖြစ်တဲ့လူပေါင်း(၂၅)သန်းကျော်ဟာ ၂၀၂၂ခုနှစ် အစောပိုင်းလတွေမှာ ဆင်းရဲတွင်းထဲ ကျရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးတိုးတက်ရေး အစီအစဉ် (UNDP)ရဲ့ ၂၀၂၁နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားတဲ့ “ပြည်သူ့အခြေခံလိုအပ်ချက်စစ်တမ်း” အစီရင်ခံစာက ထောက်ပြထားပါတယ်။
“ဒီနိုင်ငံရေးလည်း အမြန်ဆုံးပြန်ကောင်းမှပါ။ မဟုတ်ရင်ကျမတို့လည်း ဆုပ်လည်းစူး၊ စားလည်းရူးဆိုသလိုပဲ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ ဒုက္ခပင်လယ်ထဲ ဆက်မျောနေရတော့မှာ” လို့ ဒေါ်မြင့်ကြည်ကတော့ ငြီးတွားပါတော့တယ်။
ရှင်ငြိမ်း
hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။