အားလုံး သိကြတဲ့အတိုင်း စစ်မိစ္ဆာများသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် လူထုအစိုးရကို ဖြုတ်ချကာ တိုင်းပြည်အာဏာကို မတရားသဖြင့် အတင်းအဓမ္မ သိမ်းယူခဲ့သည်။ ထို့မျှမက တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါင်းကို အကြမ်းဖက် သတ်ဖြတ်၊ နှိပ်စက်ကာ ပုံစံအမျိုးမျိုးဖြင့် အတင်းဖိနှိပ်ခဲ့ပြန်သည်။ သို့သော်ငြား စစ်မိစ္ဆာများသည် ၎င်းတို့၏ မတရားမှုများကို စိတ်တိုင်းကျ ထင်တိုင်းကြဲ လုပ်လို့မရ။ လောကနိယာမအတိုင်း မတရားမှုရှိလျှင် တရားမျှတမှုတို့ ရှိသည်။ ဖိနှိပ်မှုရှိလျှင် ဆန့်ကျင်တွန်းလှန်မှုတို့ ပေါ်ပေါက်လာကြစမြဲပင် မဟုတ်ပါလား။
ထို့ကြောင့် တရားမျှတမှုကို လိုလားသော၊ မတရားမှုကို ရွံရှာသော ပြည်သူများ၏ ဆန့်ကျင် တွန်းလှန်မှုများကို စစ်မိစ္ဆာတို့ ကြုံကြရသည်။
ဤသို့အားဖြင့် မြန်မာပြည်၏ ၂၀၂၁ နွေဦးတော်လှန်ရေးသည် ဓမ္မနှင့် အဓမ္မ၊ တရားမှုနဲ့ မတရားမှုတို့၏ အားပြိုင်မှုတို့ဖြင့် စတင်သန္ဓေတည်လာခဲ့ပေသည်။
ထိုတရားမှု၊ မတရားမှု၊ ဓမ္မနှင့် အဓမ္မတို့အပေါ် အခြေခံပြီး တိုက်ပွဲအသီးသီး ပေါ်ထွက်လာခဲ့ပါသည်။ လူထုသပိတ်တိုက်ပွဲများ၊ CDM တိုက်ပွဲ၊ သံတမန်ရေးရာ တိုက်ပွဲ၊ စစ်ရေးတိုက်ပွဲများ ဖြစ်ကြပါသည်။ ယခုအချိန်တွင် စစ်မိစ္ဆာများနှင့် ပြည်သူလူထုအကြား ဤသို့ တိုက်ပွဲအသီးသီး ဖြစ်ပွားလျက်ရှိရာ မည်သည့်ဘက်မှ အနိုင်ရရှိမည်ဟု ယတိပြတ် ပြောဆိုနိုင်ခြင်း မရှိသေးပေ။ သို့ဆိုငြား တိုက်ပွဲအများစုတွင် ပြည်သူတို့ဘက်မှ အားသာလျက် ရှိနေသည်ကို တွေ့ရှိနိုင်ပါသည်။
သာဓကဆိုရသော် CDM တိုက်ပွဲဘက်ကို ကြည့်ပါ။ ဌာနဆိုင်ရာ ဝန်ထမ်းအများစုမှာ မတရားမှု ကျူးလွန်ထားသော အကြမ်းဖက်စစ်မိစ္ဆာများ၏ လက်အောက်တွင် ဆက်လက် တာဝန် ထမ်းဆောင်လိုခြင်း မရှိကြ။
ထို့အတွက်ကြောင့် အာဏာသိမ်းပြီး မကြာမီမှာပင် စစ်မိစ္ဆာများကို အာဏာဖီဆန်ကာ ဆန့်ကျင်ခဲ့ကြသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ တရားရေးဌာန၊ ဥပဒေနယ်ပယ်မှလွဲ၍ တနိုင်ငံလုံးရှိ ဝန်ထမ်းပေါင်း သိန်းဂဏန်းကျော် CDM လှုပ်ရှားမှုတွင် ပါဝင်သည်ကြောင့် စစ်မိစ္ဆာများမှာ ၎င်းတို့၏ စစ်အာဏာရှင်ယန္တရားကို လည်ပတ်နိုင်ခြင်း မရှိတော့ပေ။
ထို့အတွက်ကြောင့်ပင် စစ်မိစ္ဆာများကိုယ်တိုင် CDM ဝန်ထမ်းများကို အလုပ်ပြန်ဆင်းဖို့ ချော့တခါ၊ ခြောက်တလှည့် ဖိအားအမျိုးမျိုးပေးခဲ့ကြသည် မဟုတ်ပါလား။ ဤသို့ CDM ဝန်ထမ်းများ၏ ပြတ်သားသော ယုံကြည်မှုကြောင့် စစ်မိစ္ဆာများသည် CDM တိုက်ပွဲတွင် 'လန်' ကျသွားခဲ့ကြရသည်။
အလားတူ နောက်ထပ်တိုက်ပွဲတစ်ခုမှာ နိုင်ငံတကာမျက်နှာစာတိုက်ပွဲပင် ဖြစ်သည်။ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခြင်း တိုက်ပွဲနှင့်လည်း သက်ဆိုင်ပေသည်။ စစ်မိစ္ဆာများက သူတို့ကိုယ်တိုင် မတရားမှု၊ အဓမ္မမှုများ ပြုလုပ်ထားသော်လည်း နိုင်ငံတကာအသိုက်အဝန်းတွင် လူရာဝင် အသိအမှတ်ပြုခံချင်သေးသည်။ သို့တိုင် နိုင်ငံတကာအသိုက်အဝန်းမှာလည်း စစ်မိစ္ဆာများကဲ့သို့ မတရားမှု ကျူးလွန်သူ ပုလင်းတူဘူးဆို့ နိုင်ငံအနည်းငယ်မှလွဲ၍ ကျန်ကမ္ဘာ့နိုင်ငံ အများစုက စစ်မိစ္ဆာများကို လူရာသွင်းခြင်းမရှိ။ ထိုအစား စစ်မိစ္ဆာများကို ပြစ်တင်ရှုတ်ချခြင်း၊ ဒဏ်ခတ် အရေးယူပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။ စစ်မိစ္ဆာများဘက်ကို ပို၍ တိမ်းညွှတ်သော အာဆီယံကပင် သူတို့စကားနားမထောင်သော စစ်မိစ္ဆာများကို ယခုနောက်ပိုင်း ပြုလုပ်သောအစည်းအဝေးများတွင် ဖိတ်ကြားကာ လူရာသွင်းခြင်းမရှိတော့ပေ။ အခြားတစ်ဖက်တွင် နိုင်ငံတကာသည် ပြည်သူ့အစိုးရ NUGကို တရားဝင် အသိအမှတ်ပြုခြင်း၊ ထိရောက်သည့် အကူအညီများ ပံ့ပိုးပေးခြင်းများကို မတွေ့ရသေးပေ။ သို့သော်ငြား စစ်မိစ္ဆာများမှာတော့ နိုင်ငံတကာမျက်နှာစာတိုက်ပွဲတွင်လည်း အခြေအနေကောင်းခြင်း မရှိလှပေ။
သပိတ်တိုက်ပွဲများကို ကြည့်လျှင်လည်း အဓိကအားဖြင့် နှစ်မျိုးနှစ်စား တွေ့နိုင်ပါသည်။ လမ်းမထက်က သပိတ်တိုက်ပွဲနှင့် အသံတိတ်သပိတ်ဟူ၍ ဖြစ်သည်။ လမ်းမထက်က သပိတ်များသည် အာဏာသိမ်းခါစလောက် အင်အားကောင်းခြင်းမရှိတော့သော်လည်း လုံးဝရပ်တန့်သွားခြင်းမျိုး မရှိ။ မြို့ပြတွင်လည်း မြို့ပြအလျောက်၊ နယ်များတွင်လည်း နယ်အလျောက် တစိတ်တပိုင်း ကျန်ရှိနေတုန်း ဖြစ်သည်။
ဤအချက်မှာကား ၁၉၈၈ နှင့် ကွာချင်တိုင်းကွာသွားသည့် အချက်ပင် ဖြစ်သည်။ ၈၈ တုန်းကလို သပိတ်များကို အကြမ်းဖက်ဖြိုခွင်းသော်လည်း ယနေ့တိုင် ရပ်တန့်သွားခြင်းမရှိပါ။ ဒါ့အပြင် အသံတိတ်သပိတ်များကိုလည်း ကြည့်ပါဦး။
ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် ယခင်ကလို လမ်းမပေါ် သပိတ်တိုက်ပွဲများတွင် ပါဝင်မှုနည်းလာသော်လည်း ရံဖန်ရံခါလုပ်သော အသံတိတ်သပိတ်များတွင် အလုပ်အကိုင် အပျက်ခံကာ ပါဝင်ကြသည်။ ထိုအသံတိတ်သပိတ်များ၏ ထိရောက်မှုကို စစ်မိစ္ဆာများ မည်မျှ စိုးရိမ်သနည်းဆိုလျှင် အသံတိတ်သပိတ်တွင် ပြည်သူများ မပါဝင်နိုင်အောင် ခြိမ်းခြောက်ခြင်း၊ ပါဝင်သူများကို ဖမ်းဆီးထောင်ချခြင်းမျာကို အသည်းအသန် ပြုလုပ်ခဲ့ရသည်အထိပင် ဖြစ်ခဲ့ပါသည်။ သို့ဆိုလျှင် စစ်အုပ်စုသည် သပိတ်တိုက်ပွဲတွင်လည်း အပြတ်သတ်အသာစီးရနေပြီဟု မည်သူက အတပ်ပြောဦးမည်နည်း။
ဤသို့ဆိုလျှင် တရားမှု၊ မတရားမှု၊ ဓမ္မနဲ့ အဓမ္မ အားပြိုင်မှုအပေါ်တွင် အခြေပြုပေါ်ပေါက်လာသော တိုက်ပွဲများအနက် ပြည်သူတို့သည် တိုက်ပွဲအားလုံးကို အသာစီးရနေပြီလား။ စစ်မိစ္ဆာများဘက်မှ တိုက်ပွဲအားလုံး ကျဆုံးသွားပြီလော။ ဒုတိယအချက်ဖြစ်သည့် တိုက်ပွဲအားလုံးတွင် စစ်မိစ္ဆာများ အရေးနိမ့်သွားခြင်း မရှိသေးပါ။ တိုက်ပွဲအားလုံး အရေးနိမ့်သွားပြီဆိုလျှင် နိုင်ငံလည်း စစ်ကျွန်လက်အောက်မှ လွတ်မြောက်နေပြီ ဖြစ်သည်။
ယခုကား ဤသို့ မဟုတ်သေးပါ။
အထက်တွင် ဖော်ပြခဲ့သော တိုက်ပွဲများတွင် စစ်မိစ္ဆာတို့ မရှုမလှ ဖြစ်နေသော်လည်း စစ်ရေးတိုက်ပွဲမှာတော့ အရေးသာနေသည်ဟု ဆိုရပါမည်။ စစ်ရေးတိုက်ပွဲဟု ဆိုရာတွင်လည်း သတင်းရရှိမှု၊ လူအင်အား၊ စိတ်ဓာတ်အင်အားနှင့် လူထုထောက်ခံမှုများတွင် စစ်မိစ္ဆာတို့ အသာစီးမရ။
သို့စေကာမူ တိုက်ပွဲကို အဆုံးအဖြတ်ပြုနိုင်သည့် လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများနှင့်ပတ်သက်ပါက စစ်မိစ္ဆာများမှာ များစွာအသာစီးရလျက်ရှိပါသည်။ တိုင်းပြည်ဘဏ္ဍာငွေများကို စစ်အသုံးစရိတ်တွင် နှစ်ပေါင်းများစွာ အများဆုံးအသုံးပြုကာ ပြည်သူသတ် လက်နက်များ ဝယ်ယူစုဆောင်းထားသော စစ်မိစ္ဆာများသည် ပြည်သူ့ကာကွယ်ရေးတပ်များကို အပြင်းအထန်တိုက်ခိုက်ရာ၌ အသာစီးရနေပါသည်။
ယခုနှစ်ကုန်ပိုင်းမှစ၍ စစ်မိစ္ဆာများဘက်မှ စစ်ရေးကို အရှိန်မြှင့်လိုက်ရာ လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများနှင့် ခုခံအားကောင်းသည့်ဒေသများကို စစ်ဆင်ရေးကြီးများဖြင့် တရပ်စပ်ထိုးစစ်ဆင်နေသည်ကို အားလုံး အသိပင်။ အခြားတစ်ဖက်တွင်တော့ ပြည်သူ့ကာကွယ်ရေးတပ်သားများမှာ တစ်လုံးထိုး၊ လက်လုပ်သေနတ်အများစုနှင့်သာ တိုက်ပွဲဝင်နေကြရပါသည်။ လက်နက်ချင်းမယှဉ်သာ။ တချို့နေရာများတွင်ဆိုလျှင် အသက်စွန့်ဖို့ပင်
ဝန်မလေးကြသော ပြည်သူ့ကာကွယ်ရေးတပ်သားများခမျာ စစ်မိစ္ဆာများကို ချေမှုန်းဖို့အတွက် ရှေ့တန်းထွက်ရာတွင် လက်နက်မလုံလောက်သည့်အတွက် အလှည့်ကျ ထွက်နေကြရတာမျိုးပင် ရှိနေသည်။ လက်နက်အင်အား သာလွန်သည့် စစ်မိစ္ဆာများနှင် ရင်ဆိုင်တိုက်ပွဲများကိုလည်း နွှဲချင်သည့်တိုင် မလွှဲမရှောင်သာမှသာ တိုက်ကြရသည်။ အများစုမှာ မိုင်းဆွဲခြင်း ၊အလစ်အငိုက် တိုက်ခြင်း အခြေအနေမှာပဲ ရှိနေသေးသည်။ ဤသည်မှာ ၎င်းတို့၏စစ်ဗျူဟာကြောင့်ဆိုသည်ထက် လက်နက်ခဲယမ်း လိုအပ်ချက်၊ လက်နက်အင်အား မမျှတမှုကြောင့်ဖြစ်သည်။
ထို့အတွက်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများက လက်နက်ခဲယမ်းမီးကျောက်များ လိုအပ်ကြောင်း၊ လက်နက်များ တပ်ဆင်ပေးကြဖို့ NUG အပါအဝင် ပြည်သူများဘက်မှ တတ်အားသရွေ့ ကူညီပေးကြဖို့ တောင်းဆိုနေကြရခြင်း ဖြစ်သည်။
ယနေ့အချိန်အခါသည် တရားမျှတမှု၊ မတရားမှု၊ ဓမ္မနှင့် အဓမ္မတို့အပေါ်တွင် အခြေပြုကာ နယ်ပယ်အသီးသီး၌ ပြည်သူနှင့် စစ်မိစ္ဆာတို့ တိုက်ပွဲဝင်နေကြပါသည်။ ဆိုခဲ့သလို CDM လှုပ်ရှားမှု၊ နိုင်ငံတကာမျက်နှာစာတိုက်ပွဲ၊ သပိတ်တိုက်ပွဲများတွင် ပြည်သူတို့က စစ်မိစ္ဆာတို့အပေါ် အသာစီးရနေသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် လက်နက်ကိုင်တိုက်ပွဲဖြစ်သည့် စစ်ရေးတိုက်ပွဲမှာတော့ စစ်မိစ္ဆာများက အသာစီးရနေသည်ကို လုံးဝ လျစ်လျူရှု၍ မရပါ။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ စစ်ရေးတိုက်ပွဲကသာလျှင် အခြားတိုက်ပွဲများ၏ အခြေအနေကောင်းများကို ဆုံးဖြတ်ပေးသွားမည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ပါသည်။ ထိုစစ်ရေးတိုက်ပွဲတွင် ရှုံးနိမ့်သွားပါက အခြားသောတိုက်ပွဲများ၏ အခြေအနေကောင်းများကိုပါ တဖြည်းဖြည်း လက်လွှတ်ရဖွယ်ရှိနေပါသည်။
ထို့အတွက်ကြောင့် လတ်တလော ပေါ်ပေါက်လာသည့် အခြေအနေများအရ နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့် စစ်နိုင်ရေးသည် အဓိကအခန်းကဏ္ဍတွင် ရှိနေပြီဖြစ်သောကြောင့် တာဝန်အရှိဆုံး NUG အနေဖြင့် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ပြုလုပ်ဖို့ အချိန်တန်နေပြီ ဖြစ်ပါသည်။
ထိုနည်းတူ တာဝန်ကျေသော ပြည်သူများအနေဖြင့်လည်း စစ်နိုင်ရေးကို အဓိကဦးစားပေးအဖြစ် ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပေသည်။
နွေဦးဇင်