ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အမျိုးသမီး ၂ ယောက် မတ် ၁၀ ရက်နေ့က သေဆုံးသွားပြီး စစ်ဆေးကြည့်ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆေးရုံ၀န်ထမ်းတယောက်က ပြောပါတယ်။
မတ် ၁၀ ရက်နေ့က ပေါင်းတည်မြို့နယ်ထဲမှာ ပိုးတွေ့လူနာ ၃ ယောက်တွေ့ရှိပြီး သေဆုံးသွားသူတွေဟာ ပေါင်းတည်မြို့နယ်၊ ကြာနီကန်အုပ်စု၊ ကြို့ပင်အိုင်ရွာက အသက် ၄၆ နှစ်အရွယ်နဲ့ ဘုရားငါးဆူအုပ်စု၊ ညောင်ပင်ကိုင်းဆွဲရွာက အသက် ၅၆ နှစ်အရွယ်တွေ ဖြစ်ပါတယ်။
သေဆုံးသူ အမျိုးသမီး ၂ ယောက်ထဲက ၁ ယောက်ဟာ Abortion ဖြစ်ပြီး ဖြစ်ဖြစ်ခြင်း ဆေးရုံကိုတန်းမလာဘဲ နောက်နေ့ သွေးလွန်ပြီးမှ ဆေးရုံကို ရောက်ရှိလာခဲ့တာကြောင့် သေဆုံးသွားတာဖြစ်ပြီး စစ်ကြည့်ရာမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တာလို့ ပေါင်းတည်မြို့နယ်ဆေးရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။
နောက် ၁ ယောက်ကတော့ အရင်ကတည်းက စိတ်ရောဂါနဲ့ပတ်သက်တဲ့ ဆေးတွေသောက်နေရသူ တယောက်ဖြစ်ပြီး သေဆုံးပြီး စစ်ကြည့်မှ ကိုဗစ်ရောဂါပိုး တွေ့ခဲ့တာလို့ ဆိုပါတယ်။
ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၂ ယောက်ကို ပေါင်းတည်မြို့ စေတနာ နာရေးကူညီမှုအသင်းက တာ၀န်ယူပြီး ကြူတော်ကုန်းသုသာန်မှာ မနက်နဲ့ညနေ ခွဲပြီး သင်္ဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။
မတ် ၁၀ ရက်နေ့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ ပဲခူးတိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ တွေ့ရှိခဲ့ပြီး သေဆုံးသူတော့ မရှိဘူးလို့ ဆိုပါတယ်။