မကွေးတိုင်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာမှာ မတ် ၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ကျေးရွာသားတွေနဲ့ အစည်းအဝေးပြုလုပ်ကာ ကျေးရွာလုံခြုံရေးအဖွဲ့ ဖွဲ့ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျေးရွာလုံခြုံရေးအတွက် ဆိုပြီး ကျေးရွာတွင်းက လူငယ်တွေကို လူငယ်လုံခြုံရေးအဖွဲ့တဖွဲ့ ဖွဲ့ခိုင်းကြောင်း၊ ဖွဲ့ပြီးပါက သူတို့ဆီ အကြောင်းကြားဖို့နဲ့ လက်နက်တပ်ဆင်ပေးမှာဖြစ်ကြောင်း တောင်ခင်ရန်းရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အဲ့ဒီ ကျေးရွာလုံခြုံရေးအဖွဲ့ မဖွဲ့ရင် တောင်ခင်ရန်းကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်မယ်ဆိုပြီး အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်။"
အဲဒါကြောင့် မတ်လ ၃ ရက် ဒီနေ့မနက်မှာ ကျေးရွာလုံခြုံရေးအဖွဲ့ ဖွဲ့စည်းနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျေးရွာကို သူတို့လက်အောက်ခံ ပျူစောထီးရွာ ဖြစ်စေလိုတဲ့ဆန္ဒနဲ့ အခုလို ကျေးရွာလုံခြုံရေးလို့ အမည်ခံဖွဲ့ခိုင်းတာလို့ ယောပီဒီအက်ဖ် တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဂန့်ဂေါနယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေဖြစ်တဲ့ မြောက်ခင်ရန်း၊ ဟံသာဝတီနဲ့ ကုက်ကားရွာ ၃ ရွာရှိပြီး ကျေးရွာဒေသခံတွေအနေနဲ့ ယောပီဒီအက်ဖ်ထံ အမြန်ခိုလှုံလာကြဖို့နဲ့ လာရောက်မခိုလှုံပါက နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူမှာမဟုတ်ကြောင်း ယောပီဒီအက်ဖ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။