ရုရှား-ယူကရိန်း စစ်ပွဲသည် ကမ္ဘာကြီးအား ပြင်းပြင်းထန်ထန် ရိုက်ခတ်သည်။ ထိုစစ်ပွဲသည် သာမန် နိုင်ငံနှစ်ခုကြား ဖြစ်ပွားသည့် စစ်ပွဲထက်များစွာ ပိုသည်။ ယူကရိန်းနောက်တွင် အမေရိကန်နှင့် အနောက်အင်အားစု ရှိသည်။ စစ်မြေပြင်တွင်သာမက နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ ဘက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည့်ပွဲ ဖြစ်သည်။ အနောက်နှင့် ရုရှားတို့၏ အားပြိုင်ပွဲ ဖြစ်နေသည်။
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ပြန်လည်ခေါင်းထောင်ထလာသည့် ရုရှား၏ အားစမ်းပွဲလည်း ဖြစ်သည်။ အင်အား၊ နည်းပညာ၊ သယံဇာတရင်းမြစ်တစုံတရာ ရှိသည့်အပြင် ကမ္ဘာအကျယ်ဆုံး မြေပြင်ကို ပိုင်ဆိုင်ထားသူ၊ တချိန်က အင်အားကြီးနိုင်ငံဖြစ်ခဲ့ဖူးသော ရုရှားက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးဇာတ်ခုံတွင် အရေးပါသည့် ဥရောပသို့ ပြန်လည်တိုးဝင်လာခြင်းလည်း ဖြစ်သည်။
ယခင် ဆိုဗီယက်ယူနီယံကာလကကို ပြန်လည်တမ်းတလာခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ရုရှားတွင် အားနည်းချက်တခု ရှိသည်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် တပြည်လုံးကို စုစည်းခေါင်းဆောင်နိုင်သည့် ကွန်မြူနစ်ပါတီ ပြိုကွဲသွားသည်။ အမျိုးသားရေးဝါဒီများ ကြီးစိုးနေသည်။
နိုင်ငံတွင်းတွင် လက်ရှိသမ္မတပူတင်သည်ပင် အုပ်ချုပ်ရေးအာဏာ ချုပ်ကိုင်ထားနိုင်သော်လည်း ရုရှား တပြည်လုံးအား နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးရာအရ စုစည်းနိုင်စွမ်း မရှိပေ။ စစ်ပွဲ စသည်နှင့် ရုရှားပြည်အတွင်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပေါ်လာသည်ကို တွေ့နေရသည်။ ရုရှားပြည်တွင်း၌ စစ်ဆန့်ကျင်သူများ၊ မီဒီယာများအား စတင်နှိပ်ကွပ်ဖမ်းဆီးနေရပြီ ဖြစ်သည်။
ယူကရိန်းအဖို့ ရုရှားစစ်တပ်၏ အကျူးကျော်ခံဖြစ်ပေရာ မလွှဲမရှောင်သာ ခုခံစစ်ကို ဆင်နွှဲရပေမည်။ ထို့ပြင် ယူကရိန်းအစိုးရတွင် မည်သည့် အားနည်းချက်ရှိသည် ဖြစ်စေ၊ ရုရှားက ကျူးကျော်နေချိန်တွင် သူ့တိုင်းပြည်လူထုအား စိတ်ဓာတ်ရေးရာအရ စုစည်းနိုင်စွမ်းရှိသည်။ ထို့ပြင် နေတိုးစစ်စာချုပ်အဖွဲ့ဝင်များအနေနှင့် ကိုယ်တိုင်ဝင်မတိုက်သော်လည်း မိမိနယ်စပ်နား ရောက်လာနိုင်သော ရုရှားတပ်အား ခုခံကာကွယ်သည့် ယူကရိန်းအား စစ်လက်နက်ပစ္စည်းအပါ ကူနိုင်မည့်အရာအားလုံး ကူညီကြမည်သာ ဖြစ်သည်။
နေတိုး၏ အဓိကအခန်းက ပါဝင်သော အမေရိကန်သည်လည်း စစ်ပွဲအတွင်း ကိုယ်တိုင် မပါဝင်သော်လည်း စစ်လက်နက်ပစ္စည်းအပါအဝင် ဘက်စုံက ကူညီကြမည်သာ ဖြစ်သည်။ အမေရိကန်၏ ထူးခြားချက်မှာ ပြည်တွင်းရှိ အဓိကပါတီကြီးနှစ်ခုသည် ပြည်တွင်း၌ မည်သည့် သဘောကွဲလွဲချက်ရှိသည် ဖြစ်စေ၊ ရုရှားနှင့် ရင်ဆိုင်ရာတွင် ညီကြသည်။
လက်ရှိအချိန်တွင် အမေရိကန်အား ယူကရိန်းစစ်ပွဲတွင် ကိုယ်တိုင်ဝင်မတိုက်သဖြင့် ပြစ်တင်မှုများ ရှိနေသည်။ သို့သော် တဖက်ကကြည့်လျှင် အမေရိကန်သည် ရုရှား ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ပို၍ကြီးမားသည့် မဟာဗျူဟာချထားသည်လည်း ဖြစ်နိုင်သည်။
အမေရိကန်သည် ကိုယ်တိုင်မပါဝင်ဘဲ ရုရှားအား ယူကရိန်းစစ်ပွဲ၊ ထိုထက်အနည်းငယ် ကျယ်ပြန့်ပါက ဥရောပနိုင်ငံအချို့တွင်ပါ ဖြစ်ပွားသည့်စစ်ပွဲအတွင်း ရုရှားအား ဆွဲနှစ်ရန်အတွက် ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်သည်။
ဤအချက်ကို ရုရှားတို့လည်း ကောင်းစွာသိပုံရသည်။ စစ်ပွဲအား အချိန်တိုအတွင်း အဆုံးသတ်နိုင်ရန် ကြိုးစားနေပုံရသည်။ စစ်ပွဲရှည်ကြာလျှင် ရုရှားတို့အဖို့ စစ်ရေးအရသာမက နိုင်ငံရေး၊ စီးပွားရေးပါ ထိခိုက်နိုင်ပေသည်။ သို့သော်လည်း စစ်ပွဲတပွဲသည် အစပြုရန်လွယ်သလောက် အဆုံးသတ်ရန် ခက်ခဲတတ်ပေသည်။ လက်ရှိ ယူကရိန်းအား ဗြောင်အတိအလင်း စစ်ရေးအထောက်အပံ့ ပေးနေသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများကို ရုရှားက မည်သို့ တုံ့ပြန်မည်ဆိုသည်က စစ်ပွဲအတွက် အရေးပါသောအချက် ဖြစ်နေသည်။
ဤအား ပြိုင်ပွဲတွင် ထည့်မတွက်၍မရသည့် ဇာတ်ကောင်တကောင်မှာ တရုတ်ဖြစ်သည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံအဖြစ်သို့ တက်လှမ်းရန် ကြံရွယ်နေသော တရုတ်တို့သည် ဤပွဲတွင် နှစ်ဘက် ထိန်းညှိ၍ ရပ်တည်နေသည့်အခန်းက ဝင်ပါနေသည်။ ရုရှားဘက်ကဆိုလျှင် စီးပွားရေးအကျိုးအမြတ် ရမည်။ အမေရိကန်-ကိုရီးယား စစ်ပွဲ၊ အမေရိကန်-ဗီယက်နမ် စစ်ပွဲကာလက ဂျပန်တို့ အမေရိကန်ထံမှာ စီးပွားရေးအကျိုးအမြတ် ရရှိခဲ့သည်။ အလားတူပင် လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲကြာရှည်ပါက ရုရှားထံမှ တရုတ်တို့ စီးပွားရေးအကျိုးအမြတ် အများအပြား ရရှိနိုင်သည်။ တဘက်ကလည်း အမေရိကန်နှင့် သူမဟာမိတ်များ တောင်တရုတ်ပင်လယ်၊ တိုင်ဝမ်အရေးများအပါ တရုတ်တို့အပေါ် ထားသည့် ဖိအားများ လျော့ကျနိုင်သည်။ အမေရိကန်နှင့် စီးပွားရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် အခွင့်အလမ်းပေါ်လာသည်။
တရုတ်တို့အဖို့ ပြည်တွင်း စီးပွားရေးအခြေအနေက ရုရှားထက် အများကြီးကောင်းသည်။ နိုင်ငံရေး အခြေအနေအရလည်း တရုတ်ပြည်တွင်း တရုတ်ကွန်မြူနစ်ပါတီ၏ အခြေအနေသည် ၁၉၄၉ တပြည်လုံး လွတ်မြောက်ပြီးနောက် ခေတ်သစ်တွင်တပ တည်လုံးအား စုစည်းနိုင်သည့် နိုင်ငံရေးပါတီတရပ်အနေနှင့် ဂုဏ်တက်ခဲ့သည်။ ၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးကာလတွင် မည်သို့သောအမှားများ ကျူးလွန်ခဲ့သည် ဆိုသော်လည်း တရုတ်ပါတီ၏ ဩဇာအာဏာ တည်ဆောက်နိုင်ခဲ့သည်။ ၁၉၈၀ ခုနှစ် စီးပွားရေးပြောင်းလဲမှုများပြုလုပ်ပြီးနောက် ၁၉၉၀ ပြည့်နှစ်ခန့်တွင် ဝရုန်းသုန်းကားအခြေအနေများ ကြုံခဲ့ရသော်လည်း ၂၀၀၀ ပြည့်နှစ်မှစ၍ တရုတ်ပြည် ကြွယ်ဝချမ်းသာလာသောအခါ တရုတ်ပြည်အား ချမ်းသာကြွယ်ဝအောင် လုပ်ပေးနိုင်သော ပါတီအဖြစ် အသိအမှတ်ပြုခံရသည်။
လက်ရှိအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီအား တရုတ်အများစုတို့ ယုံကြည်သဘောထားပုံမှာ အယူဝါဒများပေါ်တွင် အခြေမခံပေ။ တရုတ်ပြည်အား အားကောင်းမောင်းသန်ဖြစ်စေပြီး ကြွယ်ဝချမ်းသာအောင် လုပ်ပေးနိုင်သည့် တရုတ်အမျိုးသားပါတီတရပ်အဖြစ် သဘောထားသည်။ ထို့ကြောင့် တရုတ်တို့သည် ပြည်တွင်း၌ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထားနိုင်သည်။
လက်ရှိ ယူကရိန်းစစ်ပွဲသည် အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတို့နှင့် မတူပေ။ ရုရှားနှင့် အနောက်တို့ နယ်ပယ်ပေါင်းစုံ၌ အားပြိုင်ကြသည့်ပွဲ ဖြစ်သည်။ ထို့ပြင် တရုတ်ဆိုသည့် အင်အားကြီးနိုင်ငံတနိုင်ငံ ထွက်ပေါ်လာပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခင်းအကျင်းများ ရေးဆွဲနေသည့်ကာလတွင် ထွက်ပေါ်လာသည့် စစ်ပွဲဖြစ်သည်။ လက်ရှိကမ္ဘာတွင် အမေရိကန်နှင့် သူ၏မဟာမိတ်များက နိုင်ငံရေး၊ စစ်ရေးနယ်ပယ်တွင် အထိုင်ကျနေသည်။ အင်အား အသာရနေသည်။ ဘဏ္ဍာရေး၊ စီးပွားရေး နယ်ပယ်တွင်လည်း အသာရနေသည့်ကာလ ဖြစ်သည်။
ရုရှားအဖို့ လျှောကျသွားသော သူ၏စူပါပါဝါအား ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသည့်ကာလ ဖြစ်သည်။
တရုတ်ကတော့ ကမ္ဘာ့အခင်းအကျင်းတွင် နိုင်ငံရေးအရ၊ စစ်ရေးအရ အသစ်ပေါ်လာသည့် စူပါဝါတခု ဖြစ်သည်။ ဘဏ္ဍာရေး၊ စီးပွားရေးနယ်ပယ်တွင် ဈေးကွက်အသစ် ဖန်တီးရယူနေသည့် ကာလ ဖြစ်သည်။ ကမ္ဘာအင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှုများကြားမှ ကမ္ဘာ့အခင်းအကျင်းသစ်များ ပေါ်ထွက်လာလေ့ရှိရာ ယခုကာလတွင်လည်း ကမ္ဘာ့အခင်းအကျင်းသစ် ပေါ်ထွက်လာမည်လော ဆိုသည့် ဂရုပြု စောင့်ကြည့်ရန် လိုသည်။ ရုရှာ-းယူကရိန်းစစ်ပွဲ ရှည်ကြာပါက ထိုအခင်းအကျင်းသစ်သည် ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ကမ္ဘာ့လုံးဆိုင်ရာ အခင်းအကျင်းသစ် ပေါ်ထွက်လာပါက မည်သည့်နိုင်ငံမဆို လိုက်လျောညီထွေအောင် ပြောင်းလဲကြရပေတော့မည်။
မြန်မာပြည်သည် ကိုယ့်အိမ်တွင်းရေးနှင့်ကိုယ် အပူမိနေသည့် တိုင်းပြည်တခု ဖြစ်သည်။ ယူကရိန်း စစ်ပွဲကို အလေးမထားနိုင်သည့် အခြေအနေမျိုးဟု ဆို၍ရပါသည်။ သို့သော်လည်း ထိုစစ်ပွဲ၏အကျိုးဆက်အဖြစ် ကမ္ဘာ့အခင်းအကျင်းသစ် ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်သည်။ ထိုအခင်းအကျင်းသစ် ပေါ်ပေါက်လာပါက မိမိတိုင်းပြည်၊ မိမိပြည်နယ်အတွက် အကျိုးရှိသော အခြေအနေဖန်တီးပြီး လိုက်ပါနိုင်ရန် မြန်မာ့နိုင်ငံရေး၊ စစ်ရေး နယ်ပယ်များမှ သော့ချက်ကျသူများ သတိချပ်ရန် လိုအပ်ပေလိမ့်မည်။
မောင်မောင်စိုး