ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁ ရက် မနက်အစောပိုင်းက မြို့မရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အချုပ်သား ၆ ဦး အချုပ်ခန်းဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားလို့ တာဝန်မှူးနဲ့ ကင်းမှူးတို့ အဖမ်းခံထားရပါတယ်။
မနက်အစောပိုင်း ၁ နာရီလောက်မှာ ဖမ်းဆီးထားတဲ့ အချုပ်ခန်းထဲက လူသတ်တရားခံအပါဝင် စုစုပေါင်း ၆ ဦး ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“အဲ့စခန်းက အခိုင်အမာလုပ်ထားတာ သံတိုင်တွေလည်း အထူကြီးတွေ စီစီတီဗွီလည်း တပ်ထားတယ်။ ဘယ်လို လွတ်သွားတယ်ဆိုတာ သေချာမပြောတတ်သေးဘူး။ ခုတော့ သတင်းအုပ်ပြီး ပြန်မိအောင် ပိုက်စိပ်တိုက် လိုက်ရှာနေတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
အချုပ်သား ၆ ဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက်ပိုင်း ရဲစခန်းထဲမှာရှိတဲ့ ရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၆ ဦးကို ပြန်ဖမ်းမမိသေးတာကြောင့် တာဝန်မှူးအရာရှိနဲ့ ကင်းမှူးတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။