ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ရက် ၂၀ အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၂၂၇ ဦးသေဆုံးပြီး ၁၅၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကေအန်ယူက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့တပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့ တိုက်ပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး KNLA၊ KNDO တပ်ဘက် တိုင်းပြည်နဲ့လူမျိုးအတွက် ၅ ဦး အသက်စွန့်ခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
စစ်ကောင်ရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေက မြေပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာတချို့က အရပ်သားပြည်သူတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ရပါတယ်။
KNU တပ်မဟာ ၁ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF တပ်ရင်း ၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအတွင်းကို မကြာခဏ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ခြောက်လှန့်ပြီး ငွေကြေးအတင်းအဓမ္မတောင်းယူတာ၊ အစားအစာနဲ့ ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူတာ၊ အတင်းအဓမ္မခိုင်းစေတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နဲ့ ဆောထီမြို့နယ်တွေအတွင်း စစ်ကောင်စီရဲ့တပ်တွေက အရပ်သားပြည်သူတွေ သွားလာရာမှာ စစ်ဆေးမေးမြန်းတာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စားဝတ်နေရေးအတွက် လုပ်ငန်းခွင် သွားလာရာမှာ လွပ်လပ်မှုမရှိတဲ့အပြင် ဖမ်းဆီးခံရမှာကို စိုးရိမ်ခဲ့ကြရပါတယ်။
အလားတူ KNU တပ်မဟာ ၅ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်နဲ့ လူသောမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ BGF တပ်ရင်း ၁၀၁၂/၁၀၁၃/၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေရဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို နေ့စဉ်လက်နက်ကြီးတွေ ပစ်ခဲ့တဲ့အပြင် ရက် ၂၀ အတွင်း ဒွယ်လိုးမြို့နယ်နဲ့ လူသောမြို့နယ်တွေထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၇ လုံး ကြဲချခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လကစတင်ပြီး စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်ခိုလှုံနေရသူ စုစုပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။