ပဲခူးတိုင်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ညောင်ကောက်ကွေးရွာက နေအိမ်မှာ CDM ကျောင်းဆရာမ ဒေါ်မိုးမြတ်သဇင်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၇ နာရီလောက်မှာ စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒေသခံတစ်ယောက်က “အဲဒီ ကျောင်းဆရာမက CDM လုပ်ပြီး တိမ်းရှောင်နေတာ တစ်နှစ်ကျော်လောက်ရှိပြီဗျ။ အိမ်ထောင်ပြုဖို့ ဆိုပြီး ပြန်လာတဲ့အချိန်မှာ စစ်ကောင်စီရဲ့ လက်ပါးစေတွေက လာရောက်ဖမ်းဆီးသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သာယာဝတီမြို့ကျောင်းစုရပ်ကွက်မှာလည်း ခရိုင်ပညာရေးမှူးရုံးက CDM ကျောင်ဆရာမ ဒေါ်မြင်မြင့်တိုးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဒေါ်မြင့်မြင့်တိုးကို မတွေ့တာကြောင့် မိသားစုဝင်တွေကို ဓားစာခံပြုလုပ်ကာ ရိုက်နှက်ဖမ်းဆီးပြီး ရဲစခန်းကိုခေါ်သွားတယ်လို့ သာယာဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။
သာယာဝတီမြို့နယ်မှာ ဖေဖော်ဝါရီလ အစောပိုင်းကလည်း CDM ကျောင်းဆရာမ ၂ ယောက်ကို စစ်ကောင်စီရဲ့ လက်ပါးစေတွေကဖမ်းဆီးသွားပြီး CDM ပညာရေးဝန်ထမ်း ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။