မကွေးတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ Non-CDM ကျောင်းသားတွေကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပေးဖို့နဲ့ ကျောင်းဆက်တက်နေမယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေးကာလ ရောက်တဲ့အခါ ပညာသင်ကြားခွင့် ( ၃ ) နှစ်ပိတ်ပင်သွားမယ်လို့ မကွေးတက္ကသိုလ်ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက သတိပေး ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုလို သတိပေးထုတ်ပြန်ချက်ကို မကွေးတက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက အကြိမ်ကြိမ်သတိပေး ထားပြီဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။
အခုလိုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မကွေးတက္ကသိုလ်က CDM ပြုလုပ်ထားတဲ့ ကျောင်းသားတွေက ကြိုဆိုခဲ့ကြပြီး CDM မလုပ်ဘဲ စာသင်ပေးနေတဲ့ ကျောင်းဆရာတွေကိုလည်း အခုလို သတိပေးမှုတွေ ပြုလုပ်စေချင်တယ်လို့ CDM ပြုလုပ်ထားတဲ့ မကွေးတက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာမသိမ်းခင်က မကွေးတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားပေါင်း ၇၀၀၀ ကျော်ရှိခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အများစုက CDM ပြုလုပ်သွားခဲ့သလို လက်ရှိမှာတော့ Non-CDM ပြုလုပ်ပြီးကျောင်းတက်နေတဲ့ ကျောင်းသားအရေအတွက် ၅၀ ဝန်းကျင် ရှိတယ်လို့လည်း ကျောင်းသားတွေဆီကသိရပါတယ်။