ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ်၊ ကျုံမငေးမြို့မှာရှိတဲ့ နယ်မြေရဲစခန်းအချုပ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က အချုပ်သား ၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရဲစခန်းအချုပ်မှာ ဖျားနာနေတာကြောင့် ဆေးရုံပို့ဆောင်စစ်ဆေးချိန်မှာ အချုပ်သား ၄ ဦးလုံး ရောဂါပိုး တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“သူတို့က ဖျားတာမကြာသေးဘူး၊ ဘယ်လိုကူးတယ်ဆိုတာတော့ မပြောတတ်သေဘူး။ သူတို့ကိုတော့ ခုသီးသန့်အချုပ်ခန်းကို ပို့လိုက်ပြီ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကျုံမငေးနယ်မြေရဲစခန်းအချုပ်မှာ အခန်းထဲ နှာခေါင်းစည်းအသုံးပြုခွင့်ပေးမထားတာကြောင့် အချုပ်ကျနေတဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးမှာ ရောဂါတွေ့ရှိတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့မှာလည်း ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားတဲ့ အချုပ်သား ၄၀ ကျော်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
နိုင်ငံတဝန်းမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂,၄၆၇ ယောက်တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။