မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းတည်ဆောက်ထားသော နိုင်ငံတစ်ခု ဖြစ်သည်။ သို့ဖြစ်သည်နှင့်အညီထို တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှုတို့ကလည်း မတူညီကြပေ။ သို့တိုင် ထိုမတူ ကွဲပြားမှုတို့ အတူယှဥ်တွဲစွာ တည်ရှိနေသော ပြည်ထောင်စုနိုင်ငံတစ်ခုပင် ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းအရုဏ်တက်ချိန်မှစ၍ အခြေချနေထိုင်လာခဲ့ကြသော အခြေခံလူမျိုးစုကြီး သုံးစုရှိသည်ဟု ဆိုကြသည်။ ယင်းတို့မှာ တိဗက်-ဗမာ အုပ်စု၊ ထိုင်း-တရုတ် အုပ်စု၊ ဩစထရိုနီးရှန်းအုပ်စုတို့ ဖြစ်ကြသည်။ တိဗက်ဗမာအုပ်စုတွင် မြန်မာ၊ ကချင်၊ ချင်းနှင့် အခြားအနွယ်တူ လူမျိုးများ၊ ရခိုင်လူမျိုးများ ပါဝင်သည်။ ထိုင်း တရုတ်အုပ်စုတွင် ရှမ်းနှင့်အနွယ်တူ လူမျိုးများ၊ ကရင်၊ ပအိုဝ့်နှင့် အနွယ်တူလူမျိုးများ ပါဝင်ကြပြီး ဩစထရိုနီးရှန်းအုပ်စုများတွင် မွန်လူမျိုးများ၊ တနင်္သာရီတောင်ဘက်စွန်းရှိ ဆလုံလူမျိုးများအထိ ပါဝင်ကြသည် ဟူသတတ်။ (ရည်ညွှန်း- ဗန်းမော်တင်အောင်၏ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း)
ဤအနွယ်ဝင်လူမျိုးစုကြီး သုံးစုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမိုင်းအရုဏ်တက်ချိန် ကတည်းက ကိုယ့်ကံကြမ္မာကို ဖန်တီးကာ ကိုယ့်သမိုင်းနှင့်ကိုယ် ထူထောင်ပြီး နေထိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ၁၈၈၆ ခုနှစ်ရောက်မှသာ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်ကျွန်ဘဝသို့ ရောက်ရှိသွားသည်။ ထိုအချိန်မှစ၍ တချိန်ကရှိခဲ့သော လွတ်လပ်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်တို့မှာလည်း နိဋ္ဌိတံခဲ့ရသည်။
သို့စေကာမူ မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးများက ငြိမ်၍မနေ။ မိမိတို့ ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးကို ပြန်လည်ရရှိရန် အတူတကွ စည်းလုံးညီညွတ်စွာဖြင့် အင်္ဂလိပ်ထံမှ လည်းကောင်း၊ ဂျပန်ဖက်ဆစ်ထံမှလည်းကောင်း တော်လှန်တိုက်ခိုက်ယူခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာပြည်သည် သူ့ကျွန်ဘဝမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးတိုက်ပွဲ၌ ပါဝင်ခဲ့ကြသော တောင်ပေါ် မြေပြန့်မဟူ တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုသားတိုင်း ရရှိထိုက်၊ ရရှိအပ်သော အခွင့်အရေးများကို တန်းတူညီစွာ ရရှိထိုက်ရပေမည်။
ထို့အတွက်ကြောင့်လည်း ပြည်ထောင်စုကြီး၏ ဗိသုကာဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် “ပင်လုံ”စာချုပ်တွင် လက်မှတ်ရေးထိုး အသိအမှတ်ပြုခဲ့ရပေသည်။ ဗိုလ်ချုပ်ကိုယ်တိုင်က “တောင်တန်းသားတွေ မပါတဲ့ လွတ်လပ်ရေးဟာ အနှစ်သာရမရှိဘူး”ဟူ၍ပင် ပြောကြားခဲ့သည် မဟုတ်ပါလား။ ဤသို့ဖြင့် ပင်လုံစာချုပ်အရ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့၏ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်ခွင့်ကို အသိအမှတ်ပြုကာ ယခင်က ပြည်နယ်မရှိခဲ့သော ကချင်လူမျိုး၊ ကယားနှင့် ချင်းလူမျိုးများအား ပြည်နယ်ထူထောင်ခွင့်များ ပေးအပ်ခဲ့သည်။ မူလကရှိပြီးဖြစ်သော ရှမ်းပြည်နယ်များကိုလည်း ပြည်နယ်ကြီးအဖြစ် စုစည်းတည်ဆောက်ခွင့်ပြုကာ ပြည်ထောင်စုကြီးအတွင်းမှ ခွဲထွက်လိုပါက ၁၀ နှစ်အကြာတွင် ခွဲထွက်ခွင့်ပင်ပြုရန် သဘောတူခဲ့ပေသည်။
သို့သော် ပြည်ထောင်စုကြီးအား အပြီးသတ်မထူထောင်ရသေးခင်မှာပင် ဗိုလ်ချုပ် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရ၏။ သူ့အား ဆက်ခံကြသူများကလည်း ဗိုလ်ချုပ် ချမှတ်ခဲ့သည့် ပြည်ထောင်စုမူကို အပြည့်အဝ အကောင်အထည်ဖော်နိုင်စွမ်း မရှိခဲ့ကြတော့ပေ။
အထူးသဖြင့် တိုင်းရင်းသားများ တောင်းဆိုခဲ့ကြသည့် နိုင်ငံရေး တန်းတူညီမှုအခွင့်အရေးကို မပေးနိုင်ခဲ့။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ခဲ့သည်။ သို့တိုင် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ အရေးကြီးသည့် အားနည်းချက်တို့ ရှိနေခဲ့သည်။ ဥပမာ- တိုင်းရင်းသားပြည်နယ်များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာများကို ထိုပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများအား အပြည့်အဝ မပေးအပ်နိုင်ခဲ့။ ထို့အပြင် ဥပဒေပြုကဏ္ဍနှင့်ပတ်သက်လျှင်လည်း လူမျိုးစုလွှတ်တော်တွင် အမျိုးသားပြည်နယ်အလိုက် ကိုယ်စားလှယ်ဦးရေ ညီတူညီမျှ စေလွှတ်ရမည်ဖြစ်သော်လည်း လူဦးရေ အချိုးအစားအလိုက် ခွဲဝေတာမျိုးပဲ ပြုလုပ်ခဲ့သည်။ ဆိုခဲ့သလို မညီမျှမှုများကြောင့် တချို့သော တိုင်းရင်းသားလူမျိုးများက လက်နက်ကိုင်တိုက်ပွဲဝင်ကာ မိမိတို့အခွင့်အရေးကို ရယူဖို့ ကြိုးစားခဲ့ကြသည်။
ထိုသို့ တောင်းဆိုမှုများ များပြားလာသည်၏ အဆုံး၌ ထိုစဉ်က နိုင်ငံ့အကြီးအကဲ ဦးနုကိုယ်တိုင် ထိုပြဿနာများကို ဖြေရှင်းရန်အတွက် ၁၉၆၂ ဖေဖော်ဝါရီလမှစတင်ကာ ရန်ကုန်မြို့ရှိ ပြည်လမ်း အသံလွှင့်ရုံတွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြသည်။ သို့ပါသော်လည်း ဗိုလ်နေဝင်း ခေါင်းဆောင်သော စစ်အုပ်စုသည် ဖက်ဒရယ်မူကြောင့် တိုင်းပြည်ကြီး ပြိုကွဲတော့မယောင်၊ ပြည်တွင်းစစ်မီးကြောင့် တိုင်းပြည်ကြီး ပြာကျတော့မယောင် အကြောင်းပြကာ တိုင်းပြည်အာဏာကို မတရားသဖြင့် သိမ်းယူလိုက်တော့သည်။ ဖက်ဒရယ် ဆိုသည့် ဝေါဟာရကိုလည်း ညစ်ညမ်းသည့် စကားလုံးသဖွယ် ပုံဖျက်ခဲ့ကြသည်။ နောင်တစ်ချိန်တွင် ထစ်ခနဲရှိ သိမ်းချင်တိုင်းသိမ်းသည့် ပြောင်ပြောင်တင်းတင်း စစ်အာဏာသိမ်းမှုများ၏ အစကနဦးလည်း ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ တိုင်းပြည်သည်လည်း စစ်ကျွန်ဘဝ ကျရောက်ခဲ့ကာ ယခင်ကရှိထားပြီးသော အခွင့်အရေးများပင် ရုပ်သိမ်းခြင်းခံလိုက်ရတော့သည်။
ယင်းသို့တိုင်းပြည်ကို အဓမ္မအာဏာသိမ်း အုပ်ချုပ်ခဲ့သည့်ကာလများမှစ၍ စစ်အုပ်စုသည် လူထုကို ရက်စက်စွာ ဖိနှိပ်မှုများ စတင်လာခဲ့သည်။ ဆုံးရှုံးသွားသည့်၊ ရသင့်ရထိုက်သည့် မိမိတို့၏ အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးအတွက် တိုက်ပွဲဝင်သော တိုင်းရင်းသား ပြည်သူအပေါင်းတို့ကိုလည်း တောင်တန်း ပြည်မ မရွေး ရက်စက်ပြင်းထန်စွာ ဖိနှိပ်ချေမှုန်းခဲ့သည်။ တောင်တန်းနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများအပေါ်တွင် စစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုပေါင်းစုံကို စိတ်တိုင်းကျ ကျူးလွန်ခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း မြေပြန့်ရှိ ဗမာလူမျိုးများကိုလည်း ထောင်သွင်း အကျဉ်းချ၊ ဘဝတွေ ပျက်စီးအောင်လုပ်ခဲ့သည့်အပြင် အခြားသော တိုင်းရင်းသားများနှင့် သွေးကွဲအောင် အမျိုးမျိုးလုပ်ဆောင်ခဲ့သည်။
ဤသို့ အနုနည်းနှင့် တမျိုး၊ အကြမ်းနည်းနှင့် တဖုံ အမျိုးမျိုး ဖိနှိပ်လာခဲ့သည်မှာ ရာစုတစ်ဝက်ကျော်အထိပင် ဖြစ်ခဲ့တော့သည်။ ၂၀၁၅ တွင် တက်လာသော လူထုအစိုးရ၊ လုပ်ပိုင်ခွင့် 75 သာ ရရှိထားသည့် NLD အစိုးရ၏ ပထမသက်တမ်းကာလတွင်ပင် စစ်အုပ်စုမှာ မရ ရသည့်နည်းဖြင့် ကြမ်းချင် ရမ်းချင်တုန်းပဲ ဖြစ်သည်။ တိုင်းပြည်အား အထိမနာစေလိုမှု၊ လူကို လူလို ဆက်ဆံလျှင် လူကလူလို နားလည်လိမ့်မည်ဟူသော ယူဆချက်များကြောင့် NLD အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးမူဖြင့် စစ်အုပ်စုကို ဆက်ဆံခဲ့သည်။ သို့သော်လည်း စစ်မိစ္ဆာများက လူလို နားမလည်ခဲ့ဘဲ အဆုံးသတ်မှာတော့ ကမ်းသည့်လက်ကို ပုတ်ကာ နောက်ကျောကို ဓားနှင့်ထိုးပြီးသကာလ ခေတ်သစ်မြန်မာ့သမိုင်းတလျှောကေ လေးကြိမ်မြောက် အာဏာသိမ်းမှုအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တိုင်းပြည်အာဏာကို ထပ်မံသိမ်းယူလိုက်ပြန်တော့သည်။
သို့ပါသော်လည်း ဒီတကြိမ်မှာတော့ ယခင် စစ်အာဏာသိမ်းမှုများလို မဟုတ်တော့။ ထင်မှတ်မထားလောက်အောင် အားကောင်းသော လူထု၏ ဆန့်ကျင်တော်လှန်မှုကို ကြုံတွေ့ရသည်။ မြေပြန့်ရှိ ပြည်သူများသာမက တောင်တန်းဒေသရှိ ပြည်သူတရပ်လုံးကပါ စစ်အုပ်စုကို ရသည့်နည်းဖြင့် ရသည့်ဘက်မှ ဆန့်ကျင်တော်လှန်နေကြပေသည်။ ၈၈ ကလို နှစ်လလောက် ဆန္ဒပြကြမည်၊ ပြီးရင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်လိုက်လျှင် ငြိမ်ကျသွားမည်၊ ဒါဆို ငါတို့ အုပ်ချုပ်လို့ရပြီဟု စစ်အုပ်စုက တွက်ချက်ခဲ့ဟန်တူသည်။
သို့သော် သူတို့ တွက်ကိန်းအကြီးအကျယ် လွဲမှားခဲ့သည်။ တော်လှန်ရေးကာလ တစ်နှစ်ကျော်လာသည့် ယနေ့အချိန်ထိပင် လူထုက ညီညွတ်စွာ တော်လှန်နေကြတုန်း ဖြစ်သည်။
ဆိုရလျှင် ယနေ့အချိန်အခါသည် ၂၀ ရာစု၌ ဖက်ဆစ်ဂျပန်ကို တတိုင်းပြည်လုံး ညီညွတ်စွာဖြင့် မောင်းထုတ်ခဲ့ကြသည့်ကာလနှင့် ဆင်တူသည်ဟုဆိုလျှင် မှားမည်မထင်။ ထို့ထက်ပင် ပိုဦးမည်ဖြစ်သည်။
လက်ရှိတော်လှန်ရေးက ဒေသတစ်ခုတည်း၊ လူမျိုးတစ်မျိုးတည်း ကွက်ပြီးဖြစ်သော တော်လှန်ရေးမျိုး မဟုတ်။ တတိုင်းတပြည်လုံးရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် တော်လှန်ရေးတိုက်ပွဲမျိုး ဖြစ်နေပေပြီ။ ဆန္ဒပြပွဲများနှင့် တခြားသော လှုပ်ရှားမှုများကို ကြည့်လိုက်လျှင်လည်း ပြည်တွင်းတွင်သာမက ပြည်ပရောက် မြန်မာနိုင်ငံသား လူမျိုးအသီးသီးတို့သည်လည်း ညီညွတ်စွာဖြင့် လုပ်ဆောင်လျက် ရှိကြပေသည်။ လက်နက်ကိုင်တော်လှန်ရေးအပိုင်းကို ကြည့်လျှင်လည်း ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်တိုင် တော်လှန်ရေးတိုက်ပွဲများ ဆင်နွှဲလာခြင်း၊ ဗမာတိုင်းရင်းသားများကို စစ်ရေးလေ့ကျင့်ပေးခြင်း၊ PDF များနှင့်အတူ ပူးတွဲတိုက်ခိုက်ခြင်းတို့က တတိုင်းပြည်လုံးရှိ ညီညွတ်မှုရေချိန် မည်မျှမြင့်မားနေသည်ကို တွေ့ရှိနိုင်သည်။ ဤသို့ဤပုံ ညီညွတ်မှုများက ယခင်အာဏာသိမ်းမှုများက မရှိခဲ့ပေ။
ယခင် စစ်အာဏာရှင်ခေတ်များက စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုများကို တတိုင်းပြည်လုံး ခံခဲ့ကြရသည် ဆိုသော်လည်း တောင်တန်းဒေသမှ တိုင်းရင်းသားများသည် မြေပြန့်မှ တိုင်းရင်းသားများထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ ပိုမိုခံစားခဲ့ရသည်။ သို့သော် ယခုအခါမှာတော့ မြေပြန့်ရှိ ပြည်သူများသည်လည်း စစ်အုပ်စုက ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများကို ခါးသီးစွာ ခံစားနေကြရပြီ ဖြစ်သည်။ နာကျင်မှု၊ နာကြည်းမှုတို့က တတိုင်းပြည်လုံးရှိ ပြည်သူများအကြား အတူတူ ဖြစ်သွားကြသည်။ တနည်းအားဖြင့် မြေပြန့်ရှိ တိုင်းရင်းသားများက တောင်တန်းဒေသ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားတို့အပေါ် အပြည့်အဝ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အဓိကအတားအဆီးဖြစ်နေသည်မှာ ဟောဒီ စစ်အုပ်စုကြောင့်ပါလား ဆိုတာကို ပြည်သူတရပ်လုံး သိရှိသွားကြ ပြီဖြစ်သည်။
ထို့အတွက်ကြောင့် ပြည်သူတရပ်လုံး၏ ဘုံရန်သူ စစ်အုပ်စုကို ညီညီညွတ်ညွတ်နှင့် တိုက်ပွဲဝင်ကာ ဖြုတ်ချပြီး၊ မိမိတို့ အနှစ်နှစ်အလလကလို လားခဲ့သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ရန် အခွင့်အခါကောင်းနေပြီ ဖြစ်ကြောင်း ဝါရင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်း ပြောဆိုနေကြတာပဲ ဖြစ်သည်။
သို့သော် တစ်ခုရှိသည်မှာ ယခုလို စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးတိုက်ပွဲတွင် တောင်တန်း ပြည်မ ပြည်သူတရပ်လုံး လက်တွဲညီညီ ဒုက္ခဆင်းရဲခံကာ တိုက်ပွဲဝင်ခဲ့ကြသည့်နည်းတူ စစ်ကျွန်ဘဝမှ လွတ်မြောက်သွားအခါတွင်လည်း တောင်တန်း ပြည်မ အတူတူ အခွင့်အရေးတန်းတူရရှိဖို့ အထူးလိုအပ်ပါသည်။
သို့အတွက်ကြောင့် စစ်ကျွန်ဘဝမှ လွတ်မြောက်ပြီးပါက မြေပြန့်ရှိ သွေးချင်းများက အပြောသက်သက် မဟုတ်သော၊ လက်တွေ့ဆောင်သော၊ တိုင်းရင်းသားများ နှစ်ရှည်လများ ကြိုးပမ်းခဲ့သော အခွင့်အရေးများ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်မှု တောင်းဆိုချက်များအတွက် အာမခံချက်ပေးနိုင်ရမည်။
ထိုသို့ပေးနိုင်ဖို့လည်း မိမိတို့ တစ်ဦးချင်းစီ၏ စိတ်နှလုံးထဲ၌ ပိုင်းဖြတ်ထားရမည် ဖြစ်သည်။ သို့မဟုတ်ပါဘဲ လွတ်လပ်ဖို့ ကြိုးပမ်းတုန်းက အတူတူ၊ လွတ်လပ်ပြီးတဲ့နောက်မှ တန်းတူမဟုတ်တော့ဘူးဆိုလျှင် ယခင်ကလို သမိုင်းတကျော့ပြန်၍ လည်ပတ်သွားမည် ဖြစ်သည်။
စင်စစ် သမိုင်း ဆိုသည်က ပြန်လည်ပတ်ဖို့ မဟုတ်။ ပိုကောင်းအောင် ဖန်တီးဖို့နှင့် အကျိုးမရှိသည့် အရာများကို သင်ခန်းစာယူတတ်ဖို့ပင် ဖြစ်သည်။ သို့မှသာ တတိုင်းပြည်လုံးရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအား မိစ္ဆာလို ဖိနှိပ်နေသော စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် ဖယ်ရှားပြီးနောက် တရားမျှတလွတ်လပ်ခြင်းနှင့်မသွေ ဖက်ဒရယ်စနစ်ကို တည်ထောင်နိုင်မည် ဖြစ်ပေတော့သည်။
နွေဦးဇင်