Home
ဆောင်းပါး
နိုင်ငံရေးဝံပုလွေများ နောက်ဆုံးစုံညီ ကခုန်ခြင်း (သို့) မအလ ဗိုလ်ရှုခံဈာပန
DVB
·
February 11, 2022
Min kaung Chit Update

ပြည်သူလူထုအပေါ် လွှမ်းမိုးသက်ရောက်စေနိုင်တဲ့ အာဏာ ၂ မျိုး ရှိပါတယ်။ နိုင်ငံရေးအာဏာနဲ့ အာဏာနိုင်ငံရေးပါပဲ။ အဲဒီအာဏာနှစ်မျိုးထဲမှာ နိုင်ငံရေးအာဏာဆိုတာ ပြည်သူလူထုရဲ့ နှလုံးသားကို မေတ္တာနဲ့ လွှမ်းခြုံ၊ ယုံကြည်ကိုးစားမှုနဲ့ စေစားပါတယ်။ အာဏာနိုင်ငံရေး ဆိုတဲ့ အာဏာရှင်တွေ အသုံးချတတ်တဲ့ ပါဝါအာဏာကတော့ ပြည်သူတွေကို အကြောက်တရားနဲ့‌ ခြောက်လှန့် အမိန့်ပေး‌ မောင်းနှင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ သမိုင်းတလျှောက်မှာ ပြည်သူလူထုရဲ့ နှလုံးသားကို မေတ္တာတရားနဲ့ သိမ်းပိုက်နိုင်တဲ့ နိုင်ငံခေါင်းဆောင် များများစားစား‌ မပေါ်ထွန်းခဲ့ပါဘူး။ လူထုခေါင်းဆောင် ၂ ဦးသာ ရှိခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးကတော့ အားလုံးသိကြတဲ့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့အထွေးဆုံးသမီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ဖြစ်ကြပါတယ်။ 

ပြည်သူချစ်တဲ့ သူတို့နှစ်ဦးစလုံး သွားလေရာ မြို့ရွာတွေမှာ လူထုဟာ အထူးဖိတ်ခေါ်စရာမလိုဘဲ လူပင်လယ် ဖြစ်သွားခဲ့တာပါပဲ။ ပြည်သူ့နှလုံးသားရင်ပြင်ထက်က နိုင်ငံ့ခေါင်းဆောင်နဲ့ လူထုချစ်တဲ့ လူရှုခံသဘင်လို့ပဲ တင်စားပြောရမှာ ဖြစ်ပါတယ်။

ပြည်သူသိန်းချီတက်ရောက်ခဲ့တဲ့ ၁၉၄၇ ဇူလိုင်လ ၁၃ ရက်မှာ ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်သူ့အစည်းအဝေးကြီးနဲ့ ၁၉၄၆ ခု၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးဟာ မြန်မာ့သမိုင်းမှာ ထင်ရှားလှပါတယ်။

ထို့အတူပဲ ပြည်သူရဲ့ရင်ဘတ်‌ထဲက ထောက်ခံမှုကိုရယူနိုင်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တိုင်း၊ လူထုတွေ့ဆုံပွဲတိုင်းဟာ လူပင်လယ်စီးမျောခဲ့တာချည်းပါပဲ။ ကွေကင်းခဲ့ရတာ ကြာနေတဲ့ မိခင်နဲ့ သားသမီးတွေ ပြန်တွေ့ကြရသလို နွေးထွေးလှိုက်လှဲလှပါတယ်။

မြို့ပြ‌ ကျေးလက်က ဆင်းရဲသားအများပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အတွက် ဆိုရင် ရှိတဲ့အလုပ်တွေပစ်ချ၊ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်စရိတ်ကိုယ်ခံ၊ ကိုယ့်ထီးကိုယ်ယူလို့ နေပူမိုးရွာမရှောင် အပြေးအလွှား လာခဲ့ကြပါတယ်။

သူသွားလေရာခရီးစဉ်တလျှောက်မှာ လမ်းမတွေဟာ လူအုပ်ကြီးနဲ့ ပြည့်လျှံသွားတတ်တာကို ဥပမာပေးရရင် သံလိုက်တုံးတစ်တုံးကို သံမှုန်တွေကြား ဖြတ်ရွေ့လိုက်တဲ့အခါ သံမှုန်တွေအားလုံး သံလိုက်တုံးဆီ ပြေးကပ်ကြသလိုမျိုးပါပဲ။ မြန်မာပြည်သူပန်းဥယျာဉ်အလယ်မှာ မေတ္တာဝတ်မှုန် အလူးလူးနဲ့ ထုံကူးနေတဲ့ ပန်းလိပ်ပြာသဏ္ဌာန်အလားပါပဲ။

အထက်က လူထုခေါင်းဆောင်နှစ်ဦးရဲ့ ကြက်ပျံမကျ စည်ကားတဲ့ လူထုတွေ့ဆုံပွဲတွေနဲ့ ဆန့်ကျင်ဘက် စစ်အာဏာရှင်တို့ရဲ့ တပ်မတော်ထောက်ခံပွဲတွေကို တက်ရောက်လာတဲ့ ပရိသတ်ဆိုတာ နေ့စားခ ၅၀၀၀ ရလို့ တက်လာတဲ့သူ၊ မသိနားမလည်တဲ့သူတွေကို ထမင်းကျွေးမယ်၊ ဒန်ပေါက်ကျွေးမယ်၊ လက်ဆောင်ပေးမယ်ပြောပြီး ညာခေါ်ခံရသူတွေ၊ ခြိမ်းခြောက်လို့ လိုက်လာရသူတွေ၊ စစ်အခွင့်ထူးခံနောက်လိုက်လက်ပါးစေတွေသာ တွေ့ရမှာဖြစ်ပြီး တက်ရောက်သူ ဦးရေကလည်း ရာဂဏန်းဝန်းကျင် ခြောက်တီးခြောက်ချက်သာ ရှိတတ်တာကြောင့် ပြည်သူတွေရဲ့ လှောင်ရယ်မှုသာ ခံကြရတာများပါတယ်။

နိုင်ငံကို ဘယ်တုန်းကမှ ကောင်းကျိုးမပြုခဲ့ဘဲ ပြည်သူကို ဗဟိုမပြုတဲ့အပြင် ပြည်သူကို ရန်သူလို မြင်နေတဲ့ စစ်အခွင့်ထူးခံလူတစုနဲ့ မိတ်ဖက်ပြုတဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းပါတီဆိုတာ ပြည်သူကို သစ္စာဖောက်ကြသူတွေချည်းပါပဲ။ 

ဂျိုကွေးရှိရာ ဂျိုကုပ်လာ ဆိုသလို သူတို့ဦးစီးတဲ့ပွဲတွေမှာ တက်လာသူတွေ ကြည့်လိုက်ရင်၊ သမိုင်းကြောင်းမလှသူတွေ၊ ကိုယ်ကျင့်သီလမကောင်းသူတွေ၊ မကောင်းမှုပြုချမ်းသာသူ၊ ရာထူးရသူတွေ၊ နိုင်ငံရေး အသိမမှန်သူတွေ၊ ဝိသမစီးပွားရေးသမားတွေ၊ စားဖားတွေစတဲ့ နိုင်ငံရေးဝံပုလွေ သားရိုင်းတိရစ္ဆာန်တွေသာ အများစုဖြစ်နေတာ လူတိုင်း မြင်နေ၊ ကြားနေကြရတာပါ။

အခုတစ်ခါလည်း သူ့အာဏာအတွက် လက်နက်မဲ့ပြည်သူ ၁၅၀၀ ကျော် သတ်ဖြတ်၊ အရပ်သားပြည်သူ ၁၁,၀၀၀ ကျော် ဖမ်းဆီးညှဉ်းပန်း နှိပ်စက်‌နေဆဲ သမ္မတရူး မင်းအောင်လှိုင်ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို အကြောင်းပြုပြီး အလေးပြုခံဖို့ ဗိုလ်ရှုခံမယ့်ပွဲကို တက်ရောက်မယ့်သူတွေဟာ ဘယ်လိုနည်းနဲ့မှ လူကောင်းသူကောင်း မဖြစ်နိုင်တဲ့ အကုသိုလ်အမှုတွဲ နိုင်ငံရေးဝံပုလွေတွေ၊ ပြည်သူလူထုက အရေးမလုပ်၊ လူရာမသွင်း အသိအမှတ်မပြုတဲ့ နိုင်ငံရေးစားဖားပါတီတွေ၊ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး လုပ်စားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေ စတဲ့ နိုင်ငံ‌ရေးသန္ဓေမမှန်သူတွေပဲ ဖြစ်မှာဆိုတာ ဗေဒင်မေးစရာကို လိုမယ်မထင်ပါဘူး။ သမိုင်းမှာ သက်သေပြပြီးသားပါ။

ပကတိ တိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်နဲ့ မယိမ်းယိုင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ သန္နိဋ္ဌာန်တွေ ညွှန်ပြနေတာက သမ္မတရူးမအလနဲ့ အကြမ်းဖက်လူသတ်စစ်ကောင်စီအတွက် အချိန်များများစားစား မကျန်တော့ပါဘူး ဆိုတာပါပဲ။ ပြည်သူတစ်ရပ်လုံးက လက်မခံတော့တာ သေချာနေတာမို့ ဖြစ်ဖို့များတာက ဒီဗိုလ်ရှုခံပွဲဟာ မအလနဲ့ နောက်လိုက်လက်ပါး‌စေ တသိုက်အတွက် နောက်ဆုံး နိုင်ငံရေးဝံပု‌လွေ စုံညီကခုန်ခွင့်ရမယ့်ပွဲ ဖြစ်နိုင်ပါတယ်။

အကြံကုန်ပြီ မထူးဇာတ်ခင်း‌နေတဲ့ သာဝဟာ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ အဘက်ဘက်မှာ ကျရှုံးလာတာမို့ သူတို့ရဲ့ တနေ့တခြား ယိမ်းယိုင်လာတဲ့ စိတ်ဓာတ်တွေကို ရဲဆေးတင်ဖို့ နိုင်ငံရေးအမြတ်ထုတ်တဲ့သဘောနဲ့ ပြည်ထောင်စုနေ့ကို အကြောင်းပြပြီး ရှိတဲ့လက်ကျန် စစ်လက်နက်အင်အား၊ လက်ကျန် လူအင်အားတွေ ထုတ်ပြပြီး ဖက်ဆစ်ဓားပြဂိုဏ်းကို ကျားစွယ်သွေးတိုက်ပြီး ပြည်သူကို ပြန်ကိုက်ဖို့ ရည်ရွယ်ဟန်တူပါတယ်။

ဒါပေမဲ့ ပြည်သူလူထုရဲ့ နာကြည်းမုန်းတီးမှုအမြင့်ဆုံး ပိုင်ဆိုင်သွားတဲ့ ဖက်ဆစ်အကြမ်းဖက် တပ်အတွက် ဖြေဆေးမရှိ‌တော့ပါဘူး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပါပဲ။ “နောက်ဆုံးကျ လက်နက် ဘယ်လောက်အားကိုး အားကိုး၊ ပြည်သူထောက်ခံမှု မရှိတဲ့စနစ်မှန်သမျှဟာ ကျဆုံးရမှာဖြစ်တယ်”

စစ်ဂျပိုး၊ လူဂျပိုးတွေဟာ စားဖားတွေ ညီညွတ်သလို အမှန်တရားကို အခြေမခံဘဲ တနှစ်အတွင်း ပြည်သူအိုးအိမ် ၃၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖောက်ပြန်သူ စစ်အာဏာရှင်ထံ အမှုထမ်းခြင်း၊ သစ္စာရှိခြင်း၊ ရဲရင့်ခြင်းဆိုတာ အသိမွဲခြင်း၊ ဖောက်ပြန်ခြင်း၊ အကျိုးမဲ့ မိုက်ရူးရဲခြင်းသာ ဖြစ်ပါတယ်။ 

အောက်ခြေမခိုင်ဘဲ ယိုင်နဲ့နေတဲ့ အဆောက်အအုံတစ်ခု ပြိုဖို့ဆိုရင် အားအနည်းဆုံး ချက်ကောင်းထိအောင် တချက်ကောင်း တွန်းရင်ရသလို အောက်‌ခြေမြေသားထုနဲ့တူတဲ့ ပြည်သူက လက်မခံလို့ သက်တမ်းလွန်ပြီး ခေတ်ကုန်သွားတဲ့ စစ်အာဏာရှင်အဆိပ်ပင်ဟာ အမြစ်ဆွေးပုပ်နေပါပြီ။ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်လို့ တိုင်းသားလက်နက်ကိုင် EAOs တွေ၊ PDFs တွေ၊ ပြည်သူတွေက အရပ်ရှစ်မျက်နှာကနေ တပြည်လုံးဝိုင်းတွန်းရင် ဗုန်းဗုန်းလဲကျတော့မှာ ဧကန်မုချဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024