ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့သူ ၁ ဦးနဲ့ ဒဏ်ရာရသူအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီနေ့အချိန်အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသူ ၃ ဦးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးလုံးကို စစ်တပ်က ဖမ်းခေါ်သွားပြီး ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။
“ခရိုင်ရုံးနားမှာ လူ သုံးယောက်ဆိုင်ကယ်စီးလာတာ တားတာ မရပ်ပေးလို့ မိုးပေါ်တချက် ထောင်ပစ်လိုက်တယ်။ မရပ်ပေးသေးလို့ ပစ်လိုက်တာ ၁ ယောက်သေတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
ပစ်ခတ်ဖမ်းဆီးခံလိုက်ရသူတွေက မိုးမိတ်မြို့ လက်ခုပ်တန်းရပ်ကွက်က အမျိုးသားတွေဖြစ်ပြီး ဒီနေ့အထိ သေဆုံးအလောင်းလည်း ပြန်မရသေးသလို ဖမ်းဆီးခံရသူနှစ်ဦးရဲ့အခြေအနေကိုလည်း မသိရဘဲ ပျောက်ဆုံးနေတာလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်ကစပြီး စစ်ကောင်စီတပ်က မိုးမိတ်မြို့မှာ မိုဘိုင်းဒေတာအင်တာနက်တွေကို ဖြတ်တောက်ထားပြီး ဝိုင်ဖိုင်တစ်မျိုးတည်းသာ အသုံးပြုလို့ရတာကြောင့် မိသားစုဝင်တွေကို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကြိုးစားပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။
ဖေဖော်ဝါရီ ၂ ရက်ကလည်း အသံတိတ်သပိတ်လှုပ်ရှားမှုပုံရိပ်တွေကို ကိုယ်ပိုင်အကောင့်မှာ တင်ခဲ့သူကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။