စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲတုန်းက မြင်ရ ကြားရတာတွေဟာ ကမ္ဘာပျက်သလို ခံစားရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည် ပြည်သူတွေက ပြောပါတယ်။
ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်အခြမ်း ရခီးဘူး စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကို ကြုံခဲ့ရပြီး ခြေထောက်မှာ ဗုံးစထိမှန်ခဲ့တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးက သူကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို ပြန်ပြောပြခဲ့တာပါ။
ဒီလို လက်နက်မဲ့ အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်မျိုးမလုပ်ဖို့ စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။
''နားထဲမှာ လေယာဉ်အသံ ဝူးကနဲကြားတယ်။ တစ်ခါတည်း အသံထွက်ပြီးမှ ဗုံးလည်း ကျသွားတယ်။ ကြဲသွားတယ်လေ။ ဘယ်လိုလန့်သွားလည်း မသိတော့ဘူး။ ခုကျတော့ စိတ်ထဲမှာ လေယာဉ်အသံနဲ့ ဗုံးကြဲအသံပဲ ဖြစ်နေတုန်းပဲ။ ပြောမနိုင်တော့ဘူး''လို့ စစ်ရှောင် ဒုက္ခသည် အမျိုုးသမီးက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ရခီးဘူးစစ်ရှောင်စခန်းဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမဟုတ်သလို အရပ်သားပြည်သူ ၂၀၀ ကျော် စစ်ရှောင်နေတဲ့နေရာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မနက် ၁ နာရီဝန်းကျင်မှာ အဲဒီစခန်းကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာမှာ စစ်ရှောင် ၃ ယောက် သေဆုံးခဲ့ပါတယ်။
“အားလုံးအိပ်မောကျချိန် မနက် ၁ နာရီဝန်းကျင်အချိန်မှာဖြစ်ခဲ့တာပါ။ အဲဒီအချိန် စခန်းဝင်းအတွင်း လရောင်အောက်မှာ တောတောင်တွေထဲ ပုန်းရှောင်ဖို့ ပြေးလွှားနေသူတွေကိုမြင်ခဲ့ရတာ၊ ဆူညံနေတဲ့ အော်ဟစ်သံတွေကို ကြားခဲ့ရတာဟာ ကမ္ဘာပျက်သွားသလိုပဲ”လို့ လေကြောင်းက တိုက်ခိုက်မှုကို ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူ တယောက်က ဆိုပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေဟာ တိုက်ပွဲလွတ်ရာကို ခက်ခက်ခဲခဲ ရှောင်တိမ်းနေကြပေမဲ့ စစ်ကောင်စီကတော့ အဲဒီအရပ်သားတွေကိုပါ အလွတ်မပေးခဲ့ပါဘူး။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေး ၂ ယောက်လည်း သေဆုံးခဲ့ပြီး ဒီလိုမျိုး လက်နက်မဲ့အရပ်သားပြည်သူတွေဆီ ဗုံးကြဲတာမျိုးတွေ ထပ်မဖြစ်စေချင်တော့ဘူးလို့ သေဆုံးသူအမျိုးသမီးငယ်လေးတွေရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။
''ကျနော်တို့ အိုးအိမ်စွန့်ခွာခဲ့ရတယ်။ တောတောင်တွေထဲမှာလည်း အငတ်ခံရတယ်။ အအေးဒဏ်ခံရတယ်။ အဲ့လိုဖြစ်တော့ လုံးဝကို ဗုံးမကြဲစေချင်ဘူး။ အပြစ်မဲ့ပြည်သူတွေဆီ ဗုံးကြဲတာကတော့ လုံးဝမတရားဘူး။ မဖြစ်စေချင်ဘူး"
ဒီဖြစ်စဉ်မတိုင်ခင်မှာ လေကြောင်းထောက်လှမ်းမှုတွေကို စစ်ကောင်စီက ကြိုတင်လုပ်ဆောင်ခဲ့တာကိုတွေ့ရပြီး ရမ်းပစ်ခတ်တာမျိုးမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ဘေးရှောင်တွေရှိရာကို ပစ်ခတ်ခဲ့တယ်ဆိုတာကို ဒေသခံတွေရဲ့အသံတွေ နားထောင်ကြည့်ရင်ပေါ်လွင်ပါတယ်။
စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်ဗုံးမကြဲခင်မှာ ရဟတ်ယာဉ်နဲ့ ရီခီးဘူးစစ်ရှောင်စခန်းအနီးအနားကို လာရောက်ပျံသန်းခဲ့တာတွေလည်းရှိခဲ့ပါတယ်။
ဗုံးမကြဲခင်အရင်ရက်ကလည်း ရဟတ်ယာဉ်တစ်စီး စစ်ရှောင်စခန်းပေါ်ကပျံဝဲခဲ့ဖူးပြီး ဒါဟာ တိုက်ခိုက်ဖို့အတွက် လာရောက်စုံစမ်းတယ်လို့ ဒေသခံတွေက မထင်ခဲ့ကြပါဘူး။ ပုံမှန်သွားလာတာလို့ပဲထင်ခဲ့ကြတာပါ။
''အရင်တုန်းကတော့ အမှတ်တမဲ့ သွားသွားလာလာပဲ ထင်တာပေါ့။ တချို့တွေကလည်း တောတွေဘာတွေထဲ သွားလာကြာတာပေါ့။ အဲဒီနောက် ဟက်စကီးနဲ့ ခပ်နိမ့်နိမ့်တစ်ခေါက်လောက်ဖြတ်သွားတယ်။ အခြေအနေတွေလာ စုံစမ်းလေ့လာတာလားတော့ မသိဘူး။ သွားလာနေကျအနေအထားပဲ၊ ဖြတ်သွားဖြတ်လာပဲထင်တာပေါ့။ နောက်တော့ တိုက်လေယာဉ်နဲ့ လာပြီးဗုံးပစ်တယ်ပေါ့"
စစ်ကောင်စီအနေနဲ့ လက်နက်ကိုင်ထားသူတွေတင်မကဘဲ ပြည်သူတွေကိုပါ ပစ်မှတ်ထားနေ တယ်ဆိုတာ ဒီဖြစ်စဉ်ကိုကြည့်ရင်သိနိုင်တယ်လို့ ဖရူဆိုအနောက်ဖက်အခြမ်းစစ်ဘေးရှောင် ကော်မတီတာဝန်ရှိသူတစ်ဦ်းက ပြောပါတယ်။
လေကြောင်းဗုံးကြဲမှုမှာ သေဆုံးခဲ့တဲ့ ၁၂ နှစ်အရွယ် အမျိုးသမီးငယ်နဲ့ ၁၅နှစ်အရွယ် အမျိုးသမီးငယ်နှစ်ယောက်ထဲက တယောက်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကြေမွခဲ့တာပါ။ ဒီလိုမျိုး အပြစ်ကင်းတဲ့အရွယ်တွေရဲ့ ရုပ်အလောင်းတွေကို မြင်ခဲ့ရတဲ့အချိန်မှာ ခံစားခဲ့ရတဲ့ ခံစားချက်တွေကို ဖော်ပြလို့မရဘူးလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့တဲ့ သူနာပြဆရာတယောက်က ပြောပါတယ်။
"ဒါက ရန်သူမှမဟုတ်တာ။ တကယ့် အပြစ်မဲ့တဲ့လူတွေလေ။ ဟိုးကလေးမနှစ်ယောက်ဆိုရင် ကျောင်းနေတဲ့အရွယ်၊ တကယ့်အပြစ်ကင်းသေးတဲ့အရွယ်။ ၁၅ နှစ်တို့၊ ၁၂ နှစ်တို့ဆိုတာ ဆယ်ကျော်သက်လေးတွေပဲရှိနေသေးတယ်။ လုံးဝဖြူစင်သေးတဲ့အရွယ်တွေ။ ဒီလိုမျိုးတိုက်ခိုက်တယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ လုံးဝလက်ခံလို့ရတဲ့အရာမဟုတ်ဘူး။ နောက်ပြီး လက်နက်ကိုင်လည်းမဟုတ်ဘူး။ စစ်သားအချင်းချင်း၊ သေနတ်ကိုင်တဲ့သူအချင်းချင်းချရင်တောင် ပြဿနာမရှိဘူး။ ခံစားလို့ရသေးတယ်။ အခုက လက်နက်လည်းမကိုင်ဘူး။ ကြောက်လို့ပြေးနေတဲ့သူတွေကို လာပြီးတော့ ဗုံးကြဲတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့"
လက်ရှိမှာတော့ ရခီးဘူးစစ်ဘေးရှောင်စခန်းကနေ ထပ်ပြီးထွက်ပြေးလာရသူတွေအပါအဝင် ဖရူဆိုအနောက်ခြမ်းက စစ်ရှောင်တွေကိုတော့ ဖရူဆိုအနောက်ဖက်အခမ်းစစ်ရှောင်ကော်မတီက နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။
ဖရူဆိုအနောက်ဘက်အခြမ်းမှာ ဗုံးကြဲမှုမတိုင်ခင်က စစ်ဘေးရှောင် (၆၀၀၀) ဝန်းကျင်ရှိခဲ့ပြီး စစ်ရှောင်စခန်းကို ဗုံးကြဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာ စစ်ရှောင်ပြည်သူတွေဟာ သေမထူးနေမထူး ဖြစ်သွားတာကြောင့် ကိုယ့်နေအိမ်တွေကိုပဲ ပြန်နေတာတွေရှိလာသလို တချို့ကတော့ တခြားနေရာတွေကို ထပ်မံထွက်ပြေးသွားသူတွေလည်းရှိနေပြီး လက်ရှိမှာတော့ စစ်ရှောင် ၄၀၀၀ ဝန်းကျင်ပဲ ကျန်တော့တယ်လို့ ကော်မတီတာဝန်ရှိသူကပြောပါတယ်။
''သူတို့ရဲ့ ယူဆချက်ကတော့ ကျမတို့သိရသလောက်ကတော့ ဘယ်မှာမှ မလုံခြုံတော့တဲ့အတွက် ကိုယ့်ရပ်ရွာမှာပဲ ပြန်ပြီးအသေခံလိုက်မယ်။ ကိုယ့်ရပ်ရွာမှာပဲပြန်ပြီးသေလိုက်တော့မယ်ပေါ့။ သူများနယ်မှာ သွားသေမယ့်အစားပေါ့နော်။ ဆိုတဲ့မျှော်လင့်ချက်နဲ့ ကိုယ့်ရပ်ရွာမှာ ပြန်နေတာ တစ်ဝက်ပါတယ်။ တချို့ကတော့ ရှမ်းပြည်တို့ ရန်ကုန်တို့က ပိုပြီးတော့လုံခြုံမယ်။ အဲဒီမှာလည်း စစ်ဘေးရှောင်တွေလက်ခံထားတယ်ဆိုပြီး အဲဒီဘက်ကိုသွားတာလည်းများတယ်။ ဆိုတော့ ပိုလုံခြုံမယ်ဆိုတဲ့ယုံကြည်ချက်ရှိသလို။ တချို့ကတော့ ဘယ်လိုမှမယုံကြည်တော့လို ကိုယ့်ရပ်ရွာမှာပဲ ပြန်သေတော့မယ်ဆိုပြီး ပြန်သွားကြတာက များတယ်။"
အဲဒီလို တစ်နေရာပြီးတစ်နေရာ စစ်ဘေးရှောင်ရင်း မျှော်လင့်ချက်မဲ့နေသူတွေထဲမှာ လေယာဉ်ဗုံးကြဲခံရချိန်မှာ လင်ယောက်ျားသေဆုံးသွားတာကြောင့် သားသမီး ကိုးယောက်နဲ့ ကျန်ရစ်ခဲ့သူ မိခင်တယောက် လည်းပါဝင်ပါတယ်။
"ဘာမှလည်းမလုပ်တတ်တော့ဘူး။ ဘယ်မှလည်း မသွားတတ်တော့ဘူး။ ဒီမှာပဲသေရမလားမသိတော့ဘူး။ အိမ်ပြန်ချင်ပေမဲ့လည်း လေယာဉ်ပျံတွေရှိနေတာကြောင့် မပြန်ရဲဘူး။ ပြန်လည်းမပြန်တတ်တော့ဘူး။"
အခုချိန်မှာဆိုရင်တော့ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲမရှိတဲ့နေရာတွေမှာတောင် လေကြောင်းအန္တရာယ်ကြောက်တာကြောင့် ဗုံးခိုကျင်းတွေတူးပြီး နေနေကြရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နစ်နာသူတွေရဲ့ မိသားစုတွေကတော့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုတွေ ထပ်မလုပ်ဖို့နဲ့ နိုင်ငံတကာအနေနဲ့လည်း ကူညီပေးကြဖို့ မျှော်လင့်နေကြပါတယ်။