ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက အရင်လတွေနဲ့ယှဥ်ရင် လျော့နည်းကျဆင်းနေတာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်( MRF) က လစဥ်ထုတ်ပြန်တဲ့ တင်ပို့မှု စာရင်းတွေအရသိရပါတယ်။
စစ်ကောင်စီပြောင်းလဲထားတဲ့ ကြားကာလ ဘတ်ဂျက်မှာ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှု လစဥ်မြင့် တက်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ တင်ပို့မှုမှာ စတင်လျော့ကျလာခဲ့တာပါ။
ကြားကာလ ဘတ်ဂျတ်ပထမလ ဖြစ်တဲ့ အောက်တိုဘာလမှာ တင်ပို့နိုင်ခဲ့တဲ့ ပမာဏက တန်ချိန် ၂ သိန်း ၁ သောင်းကျော်ရှိပြီး၊ နို၀င်ဘာလမှာ တန်ချိန် ၂ သိန်း ၈ သောင်းကျော်၊ ဒီဇင်ဘာလမှာ တန်ချိန် ၃ သိန်းကျော်ထိ တစ်လထက်တစ်လ တင်ပို့မှု မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာတော့ တန်ချိန် ၂ သိန်း ၇ သောင်း၀န်းကျင်သာ တင်ပို့နိုင်ခဲ့တာဖြစ်လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနဲ့ ယှဉ်ရင် တန်ချိန် ၃ သောင်းကျော် ပမာဏတင်ပို့မှုလျော့ကျခဲ့တာဖြစ်ပါတယ်။
ဇန်န၀ါရီလအတွင်း အိုင်ဗရီကို့စ်၊ တရုတ်၊ နယ်သာလန်၊ အန်ဂိုလာ၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ ပြင်သစ်နိုင်ငံတွေကို အများဆုံးတင်ပို့ခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ ၀ယ်ယူမှုကတော့ ဇန်န၀ါရီမှာ လျော့ကျခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ ကြားကာလဘတ်ဂျက် ၄ လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသုမ ၀၇၁ သန်းကျော် တင်ပို့ရောင်းချထားပြီး ဖြစ်တဲ့အတွက် ဒီပမာဏဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူမှာ တင်ပို့နိုင်မှုနဲ့ ယှဥ်ရင်တော့ တန်ချိန် ၃သိန်းကျော် ပိုတင်ပို့နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်အထိမှာ ၃ လခွဲအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့နိုင်မှုက တန်ချိန် ၇ သိန်း ၂ သောင်းကျော်သာ ရှိခဲ့ပါတယ်။
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တရုတ်နယ်စပ်ကနေ ဆန်နဲ့ဆန်ကွဲ အထွက်နည်းပေမဲ့ ပင်လယ် ရေကြောင်းတင်ပို့မှု အားကောင်းနေတာကြောင့် တင်ပို့မှုပိုမို မြင့်တက်ခဲ့ပါတယ်။
လေးလအတွင်း ပင်လယ်ရေကြောင်းကနေ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ သန်းကျော် တင်ပို့ရောင်းချထားပြီး၊ နယ်စပ်လမ်းကြောင်းကနေ တန်ချိန် ၆ သောင်းကျော်သာ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။
မြန်မာ့ဆန်ကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်ပြီး၊ တခြားအာဆီယံနိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ အာဖရိစျေးကွက်နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။