မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ (ဘတ်ဂျက်နှစ်) တနှစ်တာအတွင်း ၇ ဒသမ ၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အခု ၂၀၂၂ ခုနှစ်မှာ ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ သိရပါတယ်။
ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အတွက် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းဟာ အန်အယ်လ်ဒီ အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၇ မှ ၂၀၁၉ ခုနှစ်ကာလအတွင်းမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဓာတ်အားခနဲ့ စားသောက်ကုန်စျေးနှုန်းလည်း ကျဆင်းလာတဲ့အတွက် ၂၀၂၀ ခုနှစ်မှာတော့ ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
တခါ စစ်တပ် အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ သုည ဒသမ ၇ ရာခိုင်နှုန်းထပ်မံ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စားသောက်ကုန်နဲ့ လောင်စာဆီ စျေးနှုန်း မြင့်တက်လာတဲ့အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ (ဘတ်ဂျက်နှစ်) တနှစ်တာအတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိလာပါတယ်။
ဒါ့အပြင် သယ်ယူပို့ဆောင်ရေး စရိတ် သိသာစွာ မြင့်တက်လာခြင်းကြောင့် စားသောက်ကုန်စည်တွေ မပါဝင်ဘဲ တွက်ချက်ထားတဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဇန်နဝါရီလက သုည ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ဒီဇင်ဘာလမှာတော့ ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှုပြဿနာက ယခင် ၈၈ မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုးနဲ့ ဆင်တူနေတာကြောင့် စိုးရိမ်စရာ ရှိနေပါတယ်။
ပြည်ပရောက် စီးပွားရေးသုတေသီတဦးက “ကျနော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၈၈ တုန်းကကြုံခဲ့ရတဲ့ ပုံစံမျိုးပေါ့ဗျာ။ ဘာလဲဆိုတော့ လက်ရှိစစ်ကောင်စီရဲ့ သုံးစွဲငွေက ဝင်ငွေထက် ပိုများလာတဲ့အခါ ဒါကို ကာမိအောင်ဆိုပြီး ကိုယ့်ရဲ့ပြည်တွင်းငွေစက္ကူကို များများရိုက်ထုတ်တဲ့အခါ ငွေတန်ဖိုးက ကျလာတာပေါ့နော်။ အခုလက်ရှိ ငွေစက္ကူတွေကို ရိုက်ထုတ်ပေမယ့် သက်ရောက်မှု က နောင်ကာလမှာ ပိုခံရမယ့် သဘောလို့ ပြောလို့ရတယ်ဗျ။ ဘာကြောင့်လဲဆို ၈၈ ကဖြစ်ခဲ့တဲ့ အတွေ့အကြုံနဲ့ ချိန်ကြည့်မယ်ဆိုရင် ၈၆ လောက်ကတည်းက စပြီးတော့ အကျပ်အတည်းရိုက်လာတဲ့ဟာက ၈၈ မှာတော့ ဒီအကျပ်အတည်းက အထွဋ်အထိပ်ရောက်လာခဲ့တာပေါ့။ ဒါကြောင့် ငွေစက္ကူတွေကို ပြန်သိမ်းရတဲ့ အနေအထား ရောက်သွားတယ်နော်။ ဒါကြောင့် အဲ့ဒီ့အခြေအနေမျိုးက နောင် ၂နှစ်၊၃နှစ်အတွင်းမှာ ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီး ခန့်မှန်းလို့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “အခုလောလောဆယ် အဓိကဖြစ်နေတဲ့ ပြဿနာက ငွေကြေးဖောင်းပွမှုနှုန်းမြင့်စေတဲ့ အချက်တွေထဲမှာ ဘာပါလဲဆိုရင် ကုန်ကျစရိတ်တွေများလာတဲ့အတွက်ကြောင့် စီးပွားရေး တခုလုံးလည်ပတ်ဖို့အတွက်က စရိတ်ကြီးလာတယ်။ စရိတ်ကြီးလာတဲ့အတွက် ဒါကို ကာမိအောင်ဆိုပြီး ကုန်ပစ္စည်းတွေကလည်း စျေးကို တက်လာရတဲ့ ပြဿနာဖြစ်လာတယ်နော်။ ဘာတွေက စရိတ်ကြီးလဲဆိုရင် အဓိကက သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ လောင်စာဆီစျေးနှုန်းမြင့်လာတဲ့စရိတ်ပေါ့။ အဲ့ဒီ့ အတွက်ကြောင့် လုပ်သားပြည်သူအများစုသုံးစွဲနေတဲ့ ကုန်ပစ္စည်းတွေဟာ အဲ့စရိတ်တွေ ထည့်ပေါင်းရလို့ သူတို့ရဲ့စျေးနှုန်းတွေကမြင့်လာတယ်နော်။ အဲ့ဒါကြောင့် ကုန်စျေးနှုန်းတွေ တက်တယ်။ ဒါကြောင့် ငွေဖောင်းပွမှုနှုန်းကလည်း မြင့်တယ်ဆိုတာက အခုလက်တလောမှာ ဖြစ်နေတဲ့ ပြဿနာပါ။ နောက်တခါ ကျနော်တို့ဆီမှာ ထူးခြားတဲ့ ဝိသေသတခုက ကျနော်တို့ရဲ့ ငွေကြေးလည်ပတ်မှုစနစ်ကြီးဟာ အရင်လို မချောမွေ့ဘူးနော်။ ဘဏ်လုပ်ငန်းတွေက မချောမွေ့တာကြောင့် အလုပ်ဖြစ်ဖို့ အဆင်ပြေဖို့အတွက် တယောက်နဲ့တယောက်က စရိတ်စခတွေ အချိန်တွေ ပိုပေးနေရတယ်လေ။ အဲ့တော့ ဒီစရိတ်တွေပါ ထည့်ပေါင်းတော့ အပိုဘေးထွက်ပြဿနာတွေကလည်း ရှိနေတယ်။ ဒါကတော့ မြန်မာပြည်တခုတည်းမှာ ရှိတဲ့ ပြဿနာပါ” လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးအခြေအနေတွေ အထိုက်အလျောက်သာ တိုးတက်မှုရရှိခဲ့တယ်လို့ ပြောပါတယ်။