Home
ဆောင်းပါး
နှစ်ပတ်လည် နွေဦးတော်လှန်‌ရေး
DVB
·
February 1, 2022
444694-151978060_3922544087808406_4968727794668543000_o-730x365

လူထုရွေးကောက်ခံအစိုးရကိုဖြုတ်ချ၊ လူထုအာဏာကို လက်နက်အားကိုး အကြမ်းဖက်နည်းဖြင့် စစ်မိစ္ဆာများက သိမ်းယူခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်တင်းတင်းပြည့်လာပြီဖြစ်သည်။ သို့တိုင်စစ်မိစ္ဆာများမှာ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရသေး။ တိုင်းပြည်အနှံ့ တော်လှန်ဆန့်ကျင်မှုများက အရှိန်အဟုန်ကောင်းလျက်ရှိပေသေးသည်။ စစ်မိစ္ဆာများက ၈၈ ကလိုဆန္ဒပြမှုများကို ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်ဖြိုခွင်းလိုက်လျှင် ပြီးသွားမည်ဟုတွက်ဆထားခဲ့သည် သို့သော် ၂၁ ရာစုတွင် သူတို့တွက်ကိန်း အကြီးအကျယ်လွဲမှားခဲ့သည်။ 

CDM၊ PDF၊ နည်းပညာအကူအညီ၊ လူထု၏နိုင်ငံရေးရေချိန်မြင့်မားမှု၊ ဘယ်တုန်းကနဲ့မှမတူသည့် တတိုင်းပြည်လုံး၏ သွေးစည်းညီညွတ်မှုများစသည့် ထင်မှတ်မထားသောဖြစ်ရပ်များကို စစ်မိစ္ဆာတို့ ကြုံတွေ့လိုက်ရသည်။ ထို့အတွက်ကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသော စစ်မိစ္ဆာများက အကြမ်းတမ်း၊ အရက်စက်ဆုံးနည်းများဖြင့် လူထုကိုဖိနှိပ်သတ်ဖြတ်တော့သည်။ သို့သော်ဒီတကြိမ်မှာတော့ လူထုသည် ဖိလေကြွလေ၊ ထိလေချလေဟူသည့် စိတ်ဓာတ်နှင့်အတူ တော်လှန်ရေးမီးတောက်မှာ တစ်စထက်တစ်စ အရှိန်တငြီးငြီးတောက်လောင်လာခဲ့ပေသည်။ ဤသည်တို့နှင့်အတူ ပြီးခဲ့သည့်တော်လှန်ရေးတစ်နှစ်တာအတွင်းရရှိခဲ့သော အတွေ့အကြုံများထဲမှ ဆင်ခြင်သုံးသပ်စရာများ၊ သင်ခန်းစာယူစရာများလည်းရှိလာ‌သည်။ ရန်သူစစ်မိစ္ဆာများ၏ အားသာချက်၊ အားနည်းချက်များကို သိရှိထားဖို့လိုသလို မိမိတို့၏အားသာချက်၊အားနည်းချက်များကို သိထားမှသာရှေ့ဆက်ချီတက်ရဦးမည့် တော်လှန်ရေးကို အထောက်အကူဖြစ်စေပေလိမ့်မည်။ တနည်းဆိုရသော် တော်လှန်ရေးမီးတောက်ကို အရှိန်အဟုန်နှင့် အရှိန်မပြတ်တောက်လောက်စေ ဖို့ပင်ဖြစ်သည်။

ကိုယ့်ကိုယ်ကိုသာအားကိုးရာ

နွေဦးတော်လှန်ရေးအစတွင် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကို မျှော်လင့်ခဲ့ကြ၊ အားကိုးခဲ့ကြသည်။ R2Pသည် အခုပဲလာတော့မလိုလို၊ အမေရိကန်သည်ပဲ တော်နေကြာ ဝင်လာတော့မလိုလို ဟုတ်ယောင်မှုများကို နား‌ယောင်ခဲ့ကြသည်။ စင်စစ် ကိုယ်‌မျှော်လင့်သလိုဖြစ်မလာ။ စိုးရိမ်စိတ်ပူပါသည်၊ ပြစ်တင်ရှုတ်ချပါသည်ကလွဲ၍ မည်သည့်အကူအညီမျှမရခဲ့။ မကြာမီကဖြစ်ပွားခဲ့သော ဖရူဆိုအစုအပြုံလိုက်လူ သတ်မီးရှို့သည့်ကိစ္စ၊ လေးကေ့ကော်ကိစ္စကအစ မနေ့တနေ့က လုံခြုံရေးတံခါးပိတ်အစည်းအဝေးအလယ် ယနေ့ တစ်နှစ်ပြည့်အထိမ်းအမှတ်ကြေညာချက်များ အဆုံး လက်တွေ့အရေးယူ ကူညီဆောင်ရွက်ပေးမှုများ မရှိသေးပေ။ ကုလသမဂ္ဂသည်လည်း ၎င်း၏ထုံးစံအတိုင်း စာရွက်အကုန်ခံကာ ပြစ်တင်ရှုတ်ချ၊ စိုးရိမ်ပါသည် ဆိုတုန်းပင်ရှိသေးသည်။ ဒီမိုကရေစီနိုင်ငံအများစုကလည်း ထင်ထားသလိုဖြစ်မလာခဲ့။ အမေရိကန်အနေဖြင့် မြန်မာနှင့်ပတ်သက်ပြီး ထိထိရောက်ရောက်ကူညီမည်ဟု ယူဆဖွယ်ရာရှိသောဥပဒေတစ်ခုကိုပြင်ဆင်ခဲ့သည်။ သို့တိုင် စာရွက်မှမြေပြင်သို့ရောက်ရှိဖို့ အချိန်ယူရဦးမည်။

ထိုနည်းတူ= အာဂျင်တီးနားတရားရုံးများတွင် တရားစွဲဆိုထားသည့်ကိစ္စရပ်များသည်လည်း ချက်ချင်းလက်ငင်းအရေး ယူဆောင်ရွက်လို့မရပေ။ ဒီကြားထဲ စစ်မိစ္ဆာများက ရပ်စောင့်နေမည်မဟုတ်သလို တော်လှန်ရေးကိုလည်း ကလေးကစားသလို "ဝါ"လုပ်လို့မရ။ ပြည်သူ အချင်းချင်းပဲကူညီပြီးရှေ့ဆက်ကြရမှာပဲဖြစ်သည်။ အနှစ်ချုပ်ကြည့်လိုက်မည်ဆိုလျှင် မည်သည့်နိုင်ငံ၊ မည်သည့်ကမ္ဘာ့အဖွဲ့အစည်းကမှ ကူညီသောကြောင့် ယခုအချိန်ထိ တော်လှန်ရေး ခရီးပေါက်လာရသည်မဟုတ်။ ကိုယ့်အားကိုယ်ကိုးကြခြင်းကြောင့်သာ ယနေ့တိုင် အကြမ်းဖက်စစ်မိစ္ဆာများကို တော်လှန်နိုင်နေခြင်းဖြစ်သည်။ နိုင်ငံတကာမှတကယ်ကူညီလျှင် ပွဲပြီးတာမြန်မည်ကတကယ်ပင်။ သို့တိုင်မျှော်လင့်သလိုဖြစ်မလာသောအခြေအနေတွင် ကိုယ့်အားကိုယ်ကိုးရုံကလွဲ၍ တခြားရွေးချယ်စရာမရှိတော့ပေ။ ထို့အတွက်ကြောင့် ရှေ့ဆက်ရမည့် တော်လှန်ရေးတွင် နိုင်ငံတကာအပေါ်မျှော်လင့်တာထက် ကိုယ်လုပ်မှကိုယ်ရမယ်ဟူသည့ စိတ်ဓာတ်ဖြင့် တတိုင်းပြည်လုံးညီညွတ်စွာဖြင့် ရှေ့ဆက်ကြရဦးမည်ဖြစ်သည်။

ညီညွတ်ရေးပြိုကွဲလို့မရ

နွေဦးတော်လှန်ရေးခရီးကြမ်း ဤတစ်နှစ်ပြည့်သည်အထိ ဆက်လက်ချီတက်နိုင်သည်မှာ ညီညွတ်ရေးကြောင့်ဖြစ်သည်။ မည်သည့်အခါကမှမရရှိခဲ့ဖူးသော တောင်တန်းပြည်မ၊ လူထုလူတန်းစားအလွှာပေါင်းစုံ၏ ညီညွတ်မှုဖြင့် အကြမ်းဖက်စစ်မိစ္ဆာများကို ခုခံတော်လှန်လာခဲ့ကြသည်။ ဤညီညွတ်ရေးကိုပြည်သူ၊ ပြည်သူ့အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆိုသည့် ဖိုခနောက်ဆက်ဆံရေးဖြင့် တည်ဆောက်ထားကြရသည်။

ယင်းသို့သော ညီညွတ်မှုကို အလွယ်တကူမရခဲ့။ အသက်တွေ၊ ဘ‌ဝတွေပေးပြီးမှ ရခဲ့ကြသည်။ သို့သော် တော်လှန်ရေးကာလ နည်းနည်းကြာလာသည့်အလျောက်၊ တော်လှန်ရေး ဒီရေမြင့်တက်လာသည့်အလျောက် ယခုနောက်ပိုင်းတွင် ညီညွတ်ရေးကိုထိခိုက်နိုင်သည့် ကိစ္စရပ်တချို့တလေကိုတွေ့လာရသည်။ နိုင်ငံအရေး၊ တတိုင်းပြည်လုံးအရေးကို လုပ်ကိုင်နေကြရသည်ဖြစ်၍ သဘောမတူညီမှုများ၊ အလိုမကျမှုများ တခါမဟုတ်တခါတော့ရှိကြရမည်။ ဒါကလည်းသဘာဝကျသည်။  အထူးသဖြင့် NUG ကဲ့သို့ ပြည်သူကို ဦးဆောင်မည့် ပြည်သူ့အစိုးရကိုလည်း လိုအပ်လျှင် ဝေဖန်ကြတာမျိုးလည်း မလွဲမသွေ ကြုံကြရပေမည်။ သူသာလျှင်ပြည်သူအားကိုးရာ၊ သူသာလျှင်ပြည်သူ့အာဏာကိုင်စွဲကာ ထိထိရောက်ရောက်လုပ်ဆောင်နိုင်စွမ်းရှိသည့်အတွက် အားမလို အားမရဖြစ်သည့်အခါ သူ့ကို ပြောဆိုဝေဖန်ကြသည်။ အဆိုပါ NUGအနေဖြင့်လည်း ပြည်သူ့အစိုးရပီပီ သဘောထားကြီးကြီး၊ အမြော်အမြင်ရှိရှိနှင့် ပြည်သူ့အသံ၊ မြေပြင်အသံကို နားထောင်ကာ လိုက်နာဖို့လိုအပ်သည်။ ငါတ‌ကောကောနေလို့မရ။ သို့သော် ထိုသို့ကွဲလွဲမှုများ ၊‌ ဝေဖန်မှုများက လူထု၏ တန်ဖိုးကြီးလှသည့်ညီညွတ်ရေးကို ပြိုကွဲစေနိုင်သည်အထိတော့ အရောက်ခံ၍မဖြစ်ပေ။ အကြမ်းဖက်စစ်ကောင်စီက ဤသည်ကို အခွင့်ကောင်းယူပြီးတော်လှန်ရေးမီးတောက်ကို အရှိန်ကျအောင်လုပ်လာနိုင်သောကြောင့်ဖြစ်၏။

အတိတ်ကာလများတုန်းကလည်း ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလား။ ခေတ်သစ်မြန်မာ့သမိုင်းစသည် ဆိုသည့်၁၉၂၀ ကတည်းကပင် အကျပ်အတည်းကာလများ၌ ညီညွတ်ရေးကို ကြာရှည်ထိန်းမထားနိုင်ခဲ့သည့်အတွက် ရန်သူအင်္ဂလိပ်က အသာစီးယူသွားတာ မျိုးကြုံခဲ့ကြရသည်မဟုတ်ပါလား။ ထို့အတွက်ကြောင့် ဘယ်လောက်ပဲ သဘောထားကွဲကွဲ၊ အလိုမကျမှုရှိရှိ ညီညွတ်ရေးတော့ပြိုကွဲလို့မရဘူးဟူသည့် အခြေခံအချက်ကတော့ထားရှိရမည်။ မည်သည့် အကြောင်းကြောင်းနဲ့မျှ ညီညွတ်ရေးပြိုကွဲခံလို့ မဖြစ်ရန်အရေးကြီးလှပါသည်။

လေထုထဲမှာနားရှိတယ်

ယခင်‌ခေတ်များက လုံခြုံရေးကိုသတိချပ်စေရန်အလို့ငှာ "နံရံတိုင်းမှာနားရှိတယ်"ဟု သတိ‌ပေးပြောကြားကြသည်။ ဒလန်များ၊ ထောက်လှမ်းရေးများက နေရာတိုင်းတွင် အသွင်ယူကာ သတင်းနှိုက်လေ့ရှိသောကြောင့်ဖြစ်သည်။ ယခုနှစ်ဆယ့်တစ်ရာစုမှာတော့ နားများသည် နံရံမှာတွင်မက ၊ social mediaနဲ့ ဖုန်းလိုင်းများ၌ပါရှိနေကြသည်ကို သတိချပ်စေချင်ကြသည်။ လက်ရှိအချိန်သည်ဆန္ဒပြသည့်ဆင့်ကို ကျော်လွန်ကာ တော်လှန်ရေးကာလ ၊စစ်ရေးကာလသို့ ရောက်ရှိနေပြီဖြစ်သည်။ ဆန္ဒပြသည်ဆိုသည်ကလူများများသိလေကောင်းလေဆိုသော်လည်း တော်လှန်ရေးကာလ၊ စစ်ရေးကာလမှာတော့ဖြင် အစစအရာရာလျို့ဝှက်ရသည့် အနေအထားဖြစ်လာပါသည်။ အထူးသဖြင့်ရန်သူ၏ လှုပ်ရှားမှု ၊တည်နေရာများကို ဖော်ပြရုံကလွဲလျှင်ကျန်သည့် ကိုယ့်ဘက်က စစ်‌ရေးအပါအဝင် ၊ လုံခြုံရေးကို ထိခိုက်စေမည့်ကိစ္စများ ကို fb တွင်ဖြစ်စေ၊ အပြင်မှာဖြစ်‌စေပေါ်ပေါ်ထင်ထင်လုပ်ဆောင်လို့ မရတော့ပေ။ လုပ်ဆောင်ရန်လည်း မသင့်တော့ချေ။ သတင်းပေါက်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရသူများ၊ ပစ်သတ်ခံလိုက်ရသည့် PDF များ၊ မလုပ်ဆောင်လိုက်ရသည့် Mission များစွာရှိခဲ့သည်ကို မေ့ပစ်လို့မရပေ။ လုံခြုံရေးတာတမံကျိုးလျှင် ကိုယ့်အတွက်ပါမက  အသက်စွန့်လုပ်ကိုင်နေရသော အဖွဲ့အစည်းအားလုံးအတွက်ပါ ဒုက္ခတွင်းသို့ပို့လိုက်ခြင်းဖြစ်စေမည်ကို အထူးသတိချပ်ဖို့လို အပ်ပေသည်။

တန်ဖိုးကိုယ်စီ

ကဗျာဆရာကြီးတင်မိုးက "အလှကိုယ်စီ"ကဗျာတွင်  အရာအားလုံး၌ သူ့တန်ဖိုးနှင့်သူရှိကြောင်း၊ ငါ့ကပိုသာတယ်၊ သူက ငါ့‌လောက်မလုပ်နိုင်ဘူးဆိုပြီး ဝန်တိုအပြစ်တင်နေခြင်းသည်သာ တန်ဖိုးမဲ့ကြောင်းဖွဲ့ဆိုထားပါသည်။

ယခုတော်လှန်ရေးတွင်လည်း ငါ့လိုမလုပ်နိုင်လို့ဆိုပြီး ရှူတ်ချသည်များကို အနည်းနဲ့ အများတွေ့နေရသည်။ ပင်ကိုယ်အရည်အသွေး၊ လက်ရှိ‌မြေပြင်အနေအထားနှင့် လူမှုစီးပွားဘဝများပေါ်တွင်မူတည်ကာ တော်လှန်ရေးတွင် ပါဝင်ကြရသည်ဖြစ်၍ သူစွမ်းသလောက်ပင် သူလုပ်နိုင်သည်ကိုနားလည်‌ပေးကြဖို့ လိုအပ်ပါသည်။ နောက်ပြီး တော်လှန်ရေးသည် မျက်စိတစ်မှိတ်မဟုတ်။ ရေရှည်လုပ်ဆောင်ရမည်ဖြစ်၍က ကိုယ်စီကိုယ်ငှကိုယ်နိုင်သည့် ဝန်ကိုထမ်းကာ‌ တော်လှန်ရေးပြီးဆုံးသည် အထိဇွဲရှိရှိနှင့် လုပ်ကိုင်သွားဖို့ကသာ ပိုအရေးကြီးသည်ဟုမြင်မိပါသည်။ သို့သော်လည်းလက်ရှိအချိန်တွင် စစ်ရေးသည်သာ အဆုံးအဖြတ်ဖြစ်နေသောကြောင့် ထိုအရေးကိုလူတိုင်းက ကူပံ့ဖို့လိုသည်မှာ အ‌ခြေခံလိုအပ်ချက်ဟုဆိုရမည်ဖြစ်ပါသည်။ ထို့အတွက်ကြောင့်ကိုယ်နိုင်ရာ ဝန်ကိုထမ်းရင်း၊ ကိုယ့်လုံခြုံရေးကိုလည်း ဂရုပြုရင်း စစ်ရေးတိုက်ပွဲဝင်သူများအတွက် နည်းအမျိုးမျိုးနှင့် ကူပံ့ဖို့ကိုလည်း ဤ‌နေရာမှ‌နေ၍ မေတ္တာရပ်ခံချင်ပါသည်။

လူထုအာဏာကို အကြမ်းဖက်စစ်မိစ္ဆာများက လက်နက်အားကိုးဖြင့်သိမ်းယူခဲ့သည်မှာ  ယနေ့ဆိုလျှင် တစ်နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ သို့တိုင်အကြမ်းဖက်စစ်မိစ္ဆာများက တိုင်းပြည်ကို အုပ်ချုပ်လို့မရသေးပေ။ လူထုတစ်ရပ်လုံး၏ တော်လှန်ရေးမီးတောက်မှာ အရှိန်တငြီးငြီးနှင့် အရှိန်အဟုန်တိုးကာ တောက်လောက်လျက်ရှိသည်။ ဤသည်နှင့်အတူ တော်လှန်ရေးတစ်နှစ်တာအတွင်း ရရှိခဲ့သောအတွေ့အကြုံများထဲမှ ဆင်ခြင်သုံးသပ်စရာများ၊ သင်ခန်းစာယူစရာများလည်းရှိပေသည်။ စစ်မိစ္ဆာများ၏ အားသာချက်၊အ အားနည်းချက်များကို သိရှိထားဖို့လိုသလို မိမိ၏အားသာချက်၊ အားနည်းချက်များကို သိထားမှသာရှေ့ဆက်ချီတက်ရဦး မည့်တော်လှန်ရေးကို အထောက်အကူဖြစ်စေပေလိမ့်မည်။ တနည်းဆိုရသော် နွေဦးမှ စတင်တောက်လောက်ခဲ့သော တော်လှန်ရေးမီးတောက်ကို အရှိန်အဟုန်နှင့် အရှိန်မပြတ်ဆက်လက်တောက်လောင် စေဖို့ပင်ဖြစ်သည်။

   နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024