Home
ဆောင်းပါး
စစ်တပ်အာဏာသိမ်း ၁ နှစ်ပြည့်နှင့် အစုံအပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်များ
DVB
·
February 1, 2022
508425-270031661_702472760721015_991936291482472003_n-730x365

ရွေးကောက်ခံ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာဟာ အခုဆို တနှစ်ရှိခဲ့ပါပြီ။

အာဏာသိမ်းတာကို လက်မခံတဲ့ တနိုင်ငံလုံးက ပြည်သူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး စစ်ကောင်စီကတော့ သေနတ်အစစ် ကျည်အစစ်တွေနဲ့ ဖြိုခွင်း တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိတဲ့ ပြည်သူတွေကိုလည်း သတ်ဖြတ်ခဲ့ကြပြီး အခုတော့ လူနေရပ်ရွာတွေကို တိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ်ဗုံးကြဲနေပါတယ်။

နိုင်ငံတကာဥပဒေတွေကိုပါ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ နေရာအနှံ့မှာ နည်းလမ်းပေါင်းစုံနဲ့ ရက်စက်ကြမ်းကြုတ်နေပြီး ဒီတနှစ်အတွင်း အရပ်သားပြည်သူ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အနည်းဆုံး အယောက် ၁၅၀၀ လောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

ဒါဟာ အတည်ပြုလို့ရတဲ့ စာရင်းတွေဖြစ်ပြီး သေဆုံးသူတွေဟာ ဒီထက် အများကြီးပိုနိုင်ပါတယ်။

ဒီထဲက စစ်ကောင်စီက အင်အားသုံး အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မီးရှို့တာတွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေကို ထုတ်နုတ်တင်ပြပေးသွားမှာပါ။

ဒါတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ထင်ဟပ်နိုင်ဖို့ ဖြစ်စဉ်တချို့ကိုပဲ တင်ပြထားတာဖြစ်ပြီး လူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တချို့ ကျန်ရှိနေနိုင်သလို အတည်ပြုရခက်ခဲတဲ့ အခြေအနေတွေကြောင့် သေဆုံးသူ ဦးရေလည်း အနည်းနဲ့အများ ကွာဟနေနိုင်ပါတယ်။

၂၀၂၁ ခုနှစ် မတ် ၃ ရက်နေ့မှာ  စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့လို့ ကဗျာဆရာကေဇဝင်း အပါအဝင် အနည်းဆုံး ၉ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ 

ဒါဟာ နိုင်ငံတ၀န်း ဆန္ဒပြပွဲတွေအတွင်း ပထမဆုံး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့  ဖြိုခွင်းမှုလည်း ဖြစ်ခဲ့ပါတယ်။

မုံရွာဖြစ်စဉ်နဲ့ တရက်တည်းမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပအဝိုင်းနဲ့ ကန်သာယာပန်းခြံမှာရှိတဲ့ သပိတ်စခန်းတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အနည်းဆုံး အရပ်သား ၁၅ ယောက် သေဆုံး၊ လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်နေရာကို စစ်တပ်က ပိတ်ဆို့ထားခဲ့ပြီး သတင်းသမားတွေ သွားလာလို့ မရတာကြောင့် အချက်အလက်အပြည့်အစုံမရနိုင်ဘဲ သေဆုံး ဒဏ်ရာရသူ ဦးရေက ဒါထက်မက များပြားနိုင်ပါတယ်။

အဲဒီနောက် မတ် ၁၄ ရက်နေ့မှာ ရန်ကုန် ညောင်တုန်းလမ်းတလျှောက်က လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်က သပိတ်စခန်းတွေကို စစ်တပ်က တနေကုန် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးသူ စံချိန်တင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေအပြင် ဆန္ဒပြပွဲမှာမပါဝင်ခဲ့တဲ့ ရပ်ကွက်အတွင်း နေထိုင်သူတွေလည်း သေဆုံးပြီး အဲဒီအကြမ်းဖက်ဖြိုခွင်းမှုမှာ အယောက် ၈၀ ကျော် သေဆုံးခဲ့တယ်လို့ ကူညီ ကယ်ဆယ်ပေးခဲ့သူတွေက အဲဒီကာလတုန်းက အတည်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း သေဆုံးသူဟာ အနည်းဆုံး ၁၀၀ ကျော်တယ်လို့ လှိုင်သာယာသပိတ်ဖြိုခွင်းမှုမှာ ပါဝင်ခဲ့ပြီး ကျဆုံးသူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေကို ကူညီကယ်ဆယ်ပေးခဲ့သူတယောက်က ပြောပါတယ်။

မန္တလေးမှာဆိုရင် မတ် ၂၀ ရက်နဲ့ ၂၃ ရက်နေ့ထိ  ၃ ရက်အတွင်း ၁၅ ယောက် သေဆုံးခဲ့သလို အဲဒီထဲမှာ အသက် ၇ နှစ်အရွယ်ကလေးငယ်တယောက်လည်း ပါဝင်ပါတယ်။

မတ် ၁၉ ရက်နေ့က ရှမ်းပြည်နယ် အောင်ပန်းမြို့က သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းမှုမှာလည်း ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တို့က ရန်ကုန် တောင်ဒဂုံမြို့နယ်မှာ သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းလို့ ၂ ရက်အတွင်း ပြည်သူ အယောက် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်၊ ဒလမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ဖြစ်စဉ်မှာတော့ အရပ်သား ၆ ယောက် သေဆုံးခဲ့ပြီး အဖမ်းခံခဲ့ရသူတွေထဲက ၁ ယောက်ဟာလည်း ထောင်ထဲမှာ ကျဆုံးခဲ့တယ်လို့ အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူတယောက်က ပြောပါတယ်။

မတ် ၂၇ ရက်၊ ၇၆ နှစ်မြောက် တော်လှန်ရေးနေ့မှာတော့ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူပေါင်း အနည်းဆုံး ၁၁၄ ယောက်ရှိပြီး အာဏာသိမ်းပြီး ၂ လအတွင်း သေဆုံးသူ ၄၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

ဧပြီ ၉ ရက်နေ့ မနက်အစောပိုင်းမှာ ပဲခူးမြို့က မဂ္ဂတစ်ခံတပ်ကို စတင်ဖြိုခွင်းခဲ့ပြီး ခံတပ်တွေ တခုပြီး တခုကို ဆက်တိုက်ဖြိုခွင်းလို့ ပြည်သူ ၁၀၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ခံတပ်တွေကို ဖျက်ဆီးဖြိုခွင်းရာမှာ အင်အားပြင်းတဲ့ လက်နက်ကြီးတွေကိုပါ သုံးခဲ့တာပါ။

ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက်မှာတော့ နိုင်ငံအနှံ့ လက်နက်စွဲကိုင် ခုခံတော်လှန်ခဲ့ကြလို့ စစ်ကောင်စီဟာ လက်နက်ကိုင်ချင်း တိုက်ခိုက်ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။

ဒါပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ လုပ်လေ့ရှိတဲ့အတိုင်း အရပ်သားပြည်သူတွေရဲ့ ကျေးရွာ နေအိမ်တွေကိုပါ ပစ်ခတ် ဖျက်ဆီးမီးရှို့တာတွေ လုပ်လာတာပါ။

ဇွန် ၁၅ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး ရွာသား ၇ ယောက်လောက် မီးလောင်သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်စစ်သားတွေ ဝင်လာလို့ ရွာသားတွေ ထွက်ပြေးကြချိန်မှာ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေကို ရိက္ခာတွေနဲ့အတူ ထားခဲ့ကြပြီး စစ်တပ်က ရွာကို မီးရှို့လိုက်လို့ သေဆုံးခဲ့ကြရတာပါ။

ဇူလိုင်လထဲမှာတော့ စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ယင်းရွာ၊ ဇီးပင်တွင်းရွာနဲ့ တောင်ပေါက်အရှေ့ရွာနားမှာ စစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူ အယောက် ၅၀ လောက်ကို ဆိုးဆိုးရွားရွား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ 

သတ်ဖြတ်ခံရသူတွေထဲမှာ မပြေးနိုင်တော့တဲ့ အသက် ၈၀ နီးပါးအရွယ် အဘိုးအိုတယောက်လည်း ပါဝင်ပြီး မသတ်ဖြတ်ခင်မှာ ဆိုးဆိုးရွားရွား နှိပ်စက်ထားတာတွေ ရှိသလို တချို့တွေကို မီးရှို့ခဲ့ပြီး၊ တချို့တွေကိုတော့ မသေမရှင် မြေမြှုပ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အဲဒီဇူလိုင်ထဲမှာပဲ ဒီပဲယင်းမြို့နယ်ထဲက ဆပ်ပြာကျင်းရွာနားမှာ စစ်ကောင်စီနဲ့ ရပ်ရွာကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၃၀ ကျော်သေဆုံးခဲ့ပါတယ်။ 

အဲဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူအများအပြားဟာ လက်နက်ကြီး ထိမှန်ခဲ့ကြတာလို့ ဒေသခံ တယောက်က ပြောပါတယ်။

စက်တင်ဘာ ၉ ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြင်သားရွာကို ပစ်ခတ်မီးရှို့ပြီး အဲဒီဖြစ်စဉ်မှာ လူငယ် ၁၂ ယောက်အပါအဝင် ရွာသား ၁၈ ‌ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ 

သေဆုံးသူတွေထဲက ထက်ဝက်လောက်မှာ ခေါင်းကို သေနတ်ဒင်နဲ့ ထုထားတဲ့ ဒဏ်ရာတွေ၊ ခေါင်းကို သေနတ်နဲ့ ပစ်ထားတာတွေ တွေ့ရသလို ၂ ယောက်ကိုတော့ လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ထားတာပါ။

ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာမှာ စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး အသတ်ခံရသူ ၁၁ ယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ၁၄ နှစ်ကနေ ၁၇ နှစ်အကြား ဆယ်ကျော်သက်လူငယ် ၄ ယောက် ပါဝင်ခဲ့ပါတယ်။ 

အဲဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေဟာ ယင်းမာပင်မြို့နယ် အောင်ဇေယျကွက်သစ်ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း  ဆားလင်းကြီးမြို့နယ်ဘက်ကို ရောက်လာပြီး ဒုံးတောကျေးရွာ ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ဝင်လာတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးခဲ့ကြတာဖြစ်ပြီး စစ်သားတွေ ပြန်ထွက်သွားပြီးတဲ့နောက် ရွာသားတချို့ ရွာကို ပြန်လာကြည့်ချိန်မှာ နှိပ်စက်ပြီးမှ အသက်ရှင်လျက် မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၁၁ ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း ကလေးမြို့နယ်၊ နတ်ချောင်းရွာကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာအပြင် မြေပြင် စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်လို့ ဒေသခံရွာသား အနည်းဆုံး ၉ ယောက် သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းမှာပဲ မကွေးတိုင်း နှမ်းခါးရွာမှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် စုစုပေါင်း ဒေသခံ အယောက် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် နောက်ထပ်ဆိုးရွားတဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုကတော့ ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့တာပါ။

အဲဒီဖြစ်စဉ်မှာ မီးရှို့သတ်ဖြတ်ခံရသူ အရပ်သားစုစုပေါင်း ၃၉ ယောက်အထိ ရှိခဲ့ပြီး Save the Children အဖွဲ့က ဝန်ထမ်း ၂ ယောက်အပါအဝင် ဆယ်ကျော်သက် အမျိုးသမီး တယောက်လည်း ပါဝင်ပါတယ်။ 

မီးရှို့ခံရသူတွေထဲမှာ မီးရှို့မခံရခင် လက်ပြန်ကြိုးတုပ် နှိပ်စက်ခံထားရတာတွေလည်း တွေ့ရပြီး တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံးရက်စက်ကြမ်းကြုတ်မှုလို့ အလောင်းတွေကို ရင်ခွဲစစ်ဆေးပေးခဲ့သူ ဆရာဝန်တယောက်က မှတ်ချက်ပြုပါတယ်။

နောက်ထပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတခုကတော့ ဇန်နဝါရီ ၆ ရက်၊ ၇ ရက်နဲ့ ၉ ရက်တို့က ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ အရပ်သား ပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုပြီး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ပါ။ 

ကလေးငယ်တွေလည်းပါတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီ ၉ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ချင်းပြည်နယ်အခြေစိုက် ခေါနူမ်သုန် သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူလည်း ပါဝင်ခဲ့ပါတယ်။

မကြာသေးခင် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ရေယိုရွာမှာ စစ်တပ်က ဝင်ရောက်ပြီး ဖမ်းဆီးသွားသူတချို့အပါအဝင် ၆ ယောက်ကို သတ်ဖြတ်ပြီး အိမ်သာကျင်းထဲ ထည့်ထားတာကို တွေ့ခဲ့ရပါတယ်။ 

ဒီထဲမှာ လူငယ် ၄ ယောက် ပါဝင်ပြီး နှိပ်စက်ညှဉ်းပန်းထားတာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက အရပ်သားနေထိုင်ရာနေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် လေယာဉ် ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်နေသလို အရပ်သားတွေ နေထိုင်တဲ့ ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း ဆက်တိုက် ကျူးလွန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024