အပူပိုင်းနဲ့ သမပိုင်းဒေသတွေ၊ ဒီရေအတက်အကျရှိတဲ့ ပင်လယ်ကမ်းခြေဒေသနဲ့ နုန်းတင်မြေနုရှိရာ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အများဆုံးပေါက်ရောက်တဲ့ သဘာဝဒီရေတောတွေဟာ လူသားတွေနဲ့ ရေနေသတ္တဝါ ဇီဝမျိုးကွဲများစွာကို အထူးအကျိုးပြုတဲ့ အမြဲစိမ်း သစ်တောတွေပဲဖြစ်ပါတယ်။
ဒီရေတောတွေက လေထုညစ်ညမ်းမှုကို အထူးကာကွယ်ပေးသလို ရေနေသတ္တဝါတွေကို မျိုးသုဥ်းပျောက်ကွယ်မသွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီရေတောတွေရဲ့ သစ်ပင်အကာအကွယ်တွေကြောင့် လေမုန်တိုင်းဒဏ်၊ ဒီရေဒဏ်တွေကိုလည်း ကြံ့ကြံ့ခံနိုင်ပါတယ်။
ဒီလို ကောင်းကျိုးများစွာကိုပေးတဲ့ ဒီရေသစ်တောတွေက မြန်မာနိုင်ငံမှာလည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်းတွေမှာ အများအပြား ပေါက်ရောက်ကြပါတယ်။
အမေရိကန်နိုင်ငံ သုတေသနစင်တာတစ်ခုဖြစ် Clark Lab သုတေသနစာတမ်းပါ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ဒီရေတော ဖုံးလွှမ်းမှုဟာ ၁၉၉၉ ခုနှစ်အထိ ဧက ၁၇ သိန်းကျော် ရှိခဲ့ပါတယ်။ အဲဒီနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ နှစ်ပေါင်း ၂၀ အတွင်းမှာတော့ မြန်မာနိုင်ငံက ဒီရေတောတွေဟာ ဧက နှစ်သိန်းကျော်လောက်ကို ပြုန်းတီးခဲ့ပါတယ်။ ဒီပမာဏကို နှိုင်းယှဥ်ရရင် ရန်ကုန်မြို့တစ်မြို့စာထက်တောင် ကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီရေတောပြုန်းတီးမှုအမြင့်ဆုံး ဒေသကတော့ ဧရာဝတီတိုင်းဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ တစ်နိုင်ငံလုံးစာပြုန်းတီးမှု ၉၀ ရာခိုင်နှုန်းကျော် က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က ဒီရေတောတွေပဲ ဖြစ်ပါတယ်။
ဒီလို ကြီးမားကျယ်ပြန့်လွန်းတဲ ဒီရေတော ဧရိယာအများအပြား ဧရာဝတီတိုင်းဒေသကြီးမှာ ဘယ်လောက် ပြုန်းတီးသွားပြီ၊ ဘာကြောင့် ပြုန်းတီးခဲ့ရလဲဆိုတဲ့ အကြောင်းရင်း၊ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ထိန်းသိမ်းနိုင်တဲ့ အခြေအနေတွေ ကို ဒီဆောင်းပါးကနေ အချက်အလက်တွေနဲ့ ထောက်ပြပေးသွားပါမယ်။
သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်း နည်းလမ်း
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် Clark University ၏ သုတေသနစင်တာ ခုနစ်ခု အနက်မှ တစ်ခုဖြစ်တဲ့ Clark Labs သုတေသနစာတမ်း၊ Rates and drivers of mangrove deforestation in Southeast Asia, 2000–2012၊ မြန်မာ သတင်းချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ၏ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် အချက်အလက်များ၊ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး စုစည်းထားသော အွန်လိုင်းအက်ပလီကေးရှင်းတစ်ခု ဖြစ်တဲ့ MUDRA Applilcation ၊ World Bank ၏ မြန်မာနိုင်ငံနေထိုင်မှုအခြေအနေများ စစ်တမ်း (၂၀၁၇)၊ Myanmar Statistical Service၊ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် ဒီရေတောများ၏ ပံ့ပိုးကူညီမှုစာတမ်း၊ ဒေသတွင်းသတင်းမီဒီယာများ၏ အစီရင်ခံစာများ၊ ဒီရေတောပညာရှင်၊ သဘာဝဘေးအန္တရာယ် ပညာရှင်များနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့ကို ဆက်သွယ်စုံစမ်းထားသည့် အချက်အလက်များပေါ် အခြေခံပြီး ယခုသတင်းဆောင်းပါးကို ရေးသားထားခြင်းဖြစ်ပါတယ်။ သတင်းအချက်အလက် လေ့လာရှာဖွေစုဆောင်းခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာလအထိ ပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းမှာ ဒီရေတောတွေ ဘယ်လောက်ပြုန်းတီးခဲ့လဲ
၁၉၉၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ မြန်မာတစ်နိုင်ငံလုံးရဲ့ ဒီရေတော ပြုန်းတီးမှု နှုန်းက အာရှဒေသတွင်းမှာ အမြင့်ဆုံး ၅ နိုင်ငံထဲ ပါဝင်ခဲ့ပါတယ်။ ဒီနှစ်ပေါင်း ၂၀ အတွင်း နိုင်ငံရဲ့ ဒီရေတောပြုန်းတီးမှုက နှစ်စဥ်မြင့်တက်ခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်နှစ်ကို ကိုးကိုးကျွန်း ၂ ခုစာလောက်ပြုန်းတီးနေတယ်လို့ Clark Labs သုတေသနစာတမ်းပါ အချက်အလက်တွေ အရ လေ့လာတွေ့ ရှိရပါတယ်။ အထက်မှာ ဆိုခဲ့ပြီးတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီရေသစ်တောပြုန်းတီးမှုတွေထဲမှာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသက အများဆုံးဒေသ ဖြစ်ခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ပြုန်းတီးသွားတဲ့ ဒီရေတောပမာဏက နှစ် ၂၀ အတွင်းကို ဧက ၁၈၀,၀၀၀ ကျော် ရှိခဲ့ပြီး စင်ကာပူတစ်နိုင်ငံနီးပါးလောက်ကို ဧရိယာအများအပြား ဆုံးရှုံးခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိချိန်မှာတော့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှာ ပေါက်ရောက်တဲ့ ဒီရေတော ဖုံးလွှမ်းမှုဟာ ၂၉ ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်လို့ World View International Foundation က ဒီရေတောပညာရှင် ဦးဝင်းမောင်က ပြောပါတယ်။
“မြန်မာတစ်နိုင်ငံမှာ ဒီရေတော ပေါက်ရောက်မှုအများဆုံဒေသက ဧရာဝတီတိုင်းဖြစ်ပြီး ပြုန်းတီးမှုအများဆုံးကလည်း ဧရာဝတီတိုင်းဖြစ်နေတယ်။ ဧရာဝတီတိုင်းမှာ လက်ကျန် ဒီရေတော တွေကလည်း အကောင်းအနေနဲ့ကျန်တာမဟုတ်တော့ဘဲ ခုတ်လွန်တောပျက်အနေနဲ့ပဲ ကျန်တော့တယ်။ ချုံပုတ်သာသာ အဆင့်လောက်ပဲ ကျန်တော့တယ်လို့ ပြောလို့ရတယ်” လို့ ဦးဝင်မောင် က ပြောပါတယ်။
ဒီရေတောတွေ ပြုန်းတီးကုန်ရင် ဖြစ်လာမယ့်အကျိုးဆက်
နုံးတင်မြေနု၊ ဒီရေအတက်အကျနဲ့ ကမ်းရိုးတန်းတွေမှာ ပေါက်ရောက်တဲ့ သဘာဝတောရောက် ဒီရေသစ်တောတွေဟာ အကျိုးမဲ့ ဖြစ်ထွန်းပေါက်ရောက်နေတာမျိုး မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးကျေးဇူး များစွာကို ရရှိစေပါတယ်။
ဒီရေတောပေါက်ရောက်တဲ့ ဒေသတွေဟာ သဘာဝသယံဇာတကပေးတဲ့ အကျိုးကျေးဇူးအပြင် ဒေသခံပြည်သူတွေကိုပါ လုပ်ငန်းစီးပွားဖြစ်ထွန်းစေတဲ့အထိ လက်တွေ့ခံစားရစေပါတယ်။ ဒါ့အပြင် ဒီရေတောရဲ့ သစ်တောအင်အားတွေကြောင့် မုန်တိုင်းတိုက်ခတ်တဲ့အခါ မုန်တိုင်းဒီရေဒဏ်၊ လေပြင်းတိုက်ခတ်ဒဏ် တွေကို ကြံ့ကြံ့ခံနိုင်တဲ့အပြင် ရေတိုက်စားမှု၊ မြေပြိုမှုတွေနဲ့ ရေငံဝင်ရောက်မှုတွေကိုပါ တားဆီးပေးနိုင်ပါတယ်။
ဒီရေတောတွေ ပြုန်းတီးကုန်ရင်တော့ ဒီလိုအကျိုးကျေးဇူးတွေရဲ့ ဆန့်ကျင်ဘက်ကို လူမှုအသိုင်းအဝိုင်းနဲ့ ပြည်သူတွေက ခံစားရမှာပဲဖြစ်သလို အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်တဲ့အထိပါ ဘေးအန္တရာယ်တွေ ကြုံတွေ့နိုင်ပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသမှာ ဒီရေတောပြုန်းတီးလို့ နောက်ဆက်တွဲ ခံစားရတဲ့အကျိုးဆက် သာဓကတစ်ခုကို ပြောပြရရင် ၂၀၀၈ ခုနှစ် မေလအစောပိုင်းမှာ မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပဲဖြစ်ပါတယ်။ ဧရာဝတီတိုင်းကို နာဂစ်မုန်တိုင်းဝင်ရောက်တဲ့ အချိန် ဒီရေတောတွေ မရှိတဲ့ ဒေသတွေက လူသေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ပြီး ဒီရေတောတွေ ရှိတဲ့နေရာမှာတော့ လူသေဆုံးမှု မရှိသလောက်၊ ပျက်စီးဆုံးရှုံးမှု နည်းခဲ့ပါတယ်။
“မိန်းမလှကျွန်းရဲ့ အနောက်ဘက် ဒီရေတောတွေ ပြုန်းကုန်တဲ့နေရာမှာ လူ ၁၀၀ ကို ၆၅ ယောက် လောက် သေဆုံးခဲ့တယ်။ အရှေ့ဘက်အခြမ်း ဒီရေတောကြိုးဝိုင်းတွေရှိတဲ့ ဒေသမှာတော့ လူ ၁၀၀ မှာ ၄ ယောက်ပဲ သေဆုံးတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့တယ်” လို့ ဦးဝင်းမောင်က နာဂစ်အပြီး လေ့ာလာပြုစုခဲ့တဲ့ သစ်တောဌာနရဲ့ စာတမ်းကို အခြေခံပြောပြပါတယ်။
ဒီရေတောနဲ့ မုန်တိုင်းအန္တရာယ်
Myanmar Information Management Unit (MIMU) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၅ ကနေ ၂၀၁၈ ခုနှစ်အထိ လေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းစုစုပေါင်း ၃,၀၀၀ ရှိခဲ့ပြီး ဒီထဲက ၂၀ ရာခိုင်နှုန်းလောက်က ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် ဧရာဝတီတိုင်းက မုန်တိုင်းဝင်ရောက်မှုအများဆုံး ဒေသတစ်ခုဖြစ်နေပါတယ်။ ဒီ့အပြင် မုန်းတိုင်းဝင်ရောက်တဲ့အခါ ကြုံတွေ့ရတဲ့ မုန်တိုင်းဒီရေမြင့်တက်မှု၊ လေပြင်းတိုက်ခတ်မှု စတဲ့ ဘေးအန္တရာယ်တွေထဲက မုန်တိုင်းဒီရေဒဏ်ကိုလည်း အမြင့်ဆုံးကြုံတွေ့နိုင်မယ့် မြို့ပေါင်း ၂၆ မြို့ လောက်ရှိတယ်လို့ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး စုစည်းထားသော အွန်လိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ MUDRA ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးရဲ့ ထက်ဝက်နီးပါးခန့် ဖြစ်နေပါတယ်။ ဒီအန္တရာယ်ကို တံတိုင်းသဖွယ် ရှေ့ကနေ တားဆီးပေးနိုင်တာကတော့ ဒီရေသစ်တောတွေ ဖြစ်ပေမယ့် ဧရာဝတီတိုင်းရဲ့ ဒီရေတောဟာ စိတ်မကောင်းစွာ ပြုန်းတီးနေခဲ့ပြီ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တုန်းကလည်း ဧရာဝတီတိုင်းမှာ လေတိုက်နှုန်း ၇၅ ကနေ ၁၅၀ မိုင် တိုက်ခတ်ခဲ့ပြီး မုန်တိုင်းဒီရေ အမြင့်ဆုံး ၂၂ ပေထိ ရှိခဲ့ပါတယ်။ နာဂစ်ရဲ့ ဒဏ်ကြောင့် ဒေသခံပြည်သူတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ နာဂစ်ဒဏ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဘိုကလေးမြို့ ညီနောင်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ယုယုမေ က သူမနေထိုင်ရာ ကျေးရွာဟာ မိန်းမလှကျွန်း ဒီရေ သစ်တောကြိုးဝိုင်း တည်ရှိတယ်လို့ဆိုပါတယ် သို့ပေမယ့် မိန်းမလှကျွန်းက ဒီရေတောတွေဟာ နာဂစ်မုန်တိုင်းမတိုက်ခတ်ခင် ကာလတွေကတည်းက ပြုန်းတီးနေခဲ့ပြီဖြစ်တယ်လို့လည်း ထပ်ပြောပြပါတယ်။
“ဧက ၃၀,၀၀၀ လောက်ရှိတဲ့ မိန်းမလှကျွန်းထဲက ဒီရေတောက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက သစ်ပင်ကြီးတွေ မရှိကြတော့ဘူး။ အနီးအနားက ရွာတွေက ရွာလုံးကျွတ် တောတွေကို ထင်းခုတ်ပြီး မီးသွေးဖုတ်တဲ့လုပ်ငန်းကို လုပ်ကိုင်ကြတာ။ ကျွန်မ အသက် ၂၀ ကျော် ကျောင်းဆရာမ စလုပ်တော့ မိန်းမလှကျွန်းအထဲကို ပထမဆုံး ရောက်ဖူးခဲ့တယ်။ အထဲမှာ သစ်ပင်တွေက အကွက်လိုက် အကွက်လိုက် တော်တော်ကို ပြောင်နေပြီ။ ကျွန်မတို့ ကလေးဘဝက ကနစိုသစ်ပင်ကြီးတွေ အများကြီး ရှိတယ်။ အခုတော့ လျှော်ပင်လောက်ပဲ ကျန်တော့တယ်” လို့ ဒေါ်ယုမေက ဒီရေတောပြုန်းတီးခဲ့တဲ့ သူ့ဒေသအကြောင်းကို ပြန်ပြောပြပါတယ်။
ဒီ့အပြင် ဧရာဝတီတိုင်းဒေသကြီးက လူနေထိုင်မှု မြင့်မားတဲ့ တိုင်းဒေသကြီးထဲမှာလည်း ပါဝင်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ပြကြီးတွေ ပြီးရင် ဧရာဝတီတိုင်းက လူဦးရေ သိပ်သည်းမှု အများဆုံးမြို့လည်း ဖြစ်နေပါတယ်။ ဒီလို လူဦးရေများတဲ့ ဒေသတစ်ခုက မုန်တိုင်းအန္တရာယ် မြင့်မားနေသလို ဒီအန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ ဒီရေတောတွေကလည်း ပြုန်းတီးနည်းပါးနေတာဟာ ဧရာဝတီတိုင်းအတွက် ဒီရေသစ်တောတွေကို စနစ်တကျ ပြန်လည်စိုက်ပျိုး ထိန်းသိမ်းဖို့ လိုနေပြီဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
ဒီရေသစ်တောတွေ ဘယ်လိုပြုန်းတီးခဲ့လဲ
မြန်မာနိုင်ငံက ဒီရေတောတွေပြုန်းတီးရတဲ့ အဓိကအကြောင်းရင်းကတော့ လယ်ယာမြေ တိုးချဲ့ စိုက်ပျိုးခဲ့တာတွေကြောင့်လို့ လေ့လာပြုစုထားတဲ့ စာတမ်းတွေက ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်၊ ၁၂ နှစ်တာကာလအတွင်းမှာ ဒီရေတောပြုန်းတီးရတဲ့ အကြောင်းရင်းတွေထဲက ၈၇ ရာခိုင်နှုန်းခန့်က ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး စပါးစိုက်ပျိုးဖို့ လယ်မြေအဖြစ် အသုံးပြုခဲ့ကြတာလို့ ဖော်ပြထားပါတယ်။ လယ်မြေအဖြစ် ပြောင်းလဲသွားတဲ့ ဧရိယာ ပမာဏက ဟက်တာ ၂၄,၀၀၀ ကျော်ရှိပြီး ဒါဟာ အင်းလေးကန် ၂ ခုစာလောက်ကို ကျယ်ဝန်းတဲ့ ပမာဏဖြစ်တယ်လို့ ဆောင်းပါးရှင်ရဲ့ တွက်ချက်မှုအရ တွေ့ရှိရပါတယ်။ ကျန်တဲ့အကြောင်းရင်းတွေကတော့ မီးသွေးဖုတ်တဲ့လုပ်ငန်း၊ မွေးမြူရေးနဲ့ ဆားချက်တဲ့ လုပ်ငန်းတွေအပြင် ဒေသဖွံ့ဖြိုးတိုးတက်မှု နည်းပြီး ဒေသခံပြည်သူတွေ ဆင်းရဲနွမ်းပါးမှုတွေကြောင့်လို့ ဒီရေတောပညာရှင်တွေက သုံးသပ်ကြပါတယ်။
“ပထမဆုံးအချက်ကတော့ စိုက်ပျိုးရေးကြောင့် ဖြစ်ခဲ့တာ။ အဲဒီခေတ်က စပါးအများကြီးစိုက်ရမယ် ဆိုတဲ့ စီမံကိန်းရှိခဲ့တယ်။ လယ်မြေတွေ ချဲ့ကြတယ်။ ပြီးတော့ မီးသွေးတွေကို အလွန်အကျွံဖုတ်ကြတယ်။ အဲဒီမီးသွေးတွေက ဒီရေတောထဲက သစ်ပင်တွေကို ထင်းခုတ်ပြီး ထုတ်လုပ်ကြတာ။ နောက်ပြီး အဲဒီက ဒေသခံတွေ ဆင်းရဲနွမ်းပါးမှု မြင့်မားတာကလည်း သူတို့ လုပ်ကိုင်စားသောက်ဖို့ ဒီရေတောကို အသုံးချကြတယ်။ လယ်မြေတွေလုပ်ပစ်တယ်၊ သစ်ပင်တွေခုတ်ကြတယ်။ တခြားမြေအသုံးချမှုတွေကို ပြောင်းပစ်တယ်။ ဒါပေမဲ့ မထိန်းသိမ်းကြဘူး” လို့ သဘာဝပတ်ဝန်းကျင်ပညာရှင် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်သန်းက သုံးသပ်ထောက်ပြပါတယ်။
World Bank Group က ထုတ်ပြန်တဲ့ စာတမ်းအရ ဧရာဝတီတိုင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု ၁၀ စုမှာ ၈ စုက စိုက်ပျိုးရေးကို လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ ထပ်ပြီး ၂၀၁၈ ခုနှစ် မိန်းမလှကျွန်းအနီးတဝိုက် အခြေခံပြုလုပ်သော လူထုစစ်တမ်းအရလည်း အဲဒီဒေသမှာ နေထိုင်တဲ့ အိမ်ထောင်စုတစ်စုက ဒီရေတော ထုတ်ကုန်တွေကနေ ရရှိတဲ့ နှစ်စဥ်ဝင်ငွေက အမြင့်ဆုံး သိန်း ၂၀ ထိ ရှိတယ်လို့ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးက ဒီရေတောကို အမှီပြုနေကြ တယ်ဆိုတ သိသာထင်ရှားပါတယ်။
ဒီရေတောတွေရဲ့ အရေးပါမှု
သစ်တောတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူပြီး အောက်စီပြန်ထုတ်လွှတ်နိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ သစ်ပင်တွေ ရှင်သန်ဖို့ အရေးကြီးတယ်ဆိုတာကို လူတိုင်းနီးပါး ယေဘုယျ သိရှိနားလည်းထားကြပြီး ဖြစ်ပါတယ်။ ဒီလို ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနိုင်တဲ့ သစ်ပင်တွေထဲမှာမှ ဒီရေတောက သစ်ပင်တွေဟာ တောင်ပေါ်သစ်ပင်တွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ၃ ဆကနေ ၅ ဆ ပိုပြီး စုပ်ယူနိုင်တယ်လို့ ဒီရေတောပညာရှင်တွေ ဆိုကြပါတယ်။ ဒါ့ကြောင့် လေထုညစ်ညမ်းမှုကို ထိန်းသိမ်းရေးဖို့အတွက် သစ်ပင်တွေ စိုက်ပျိုးကြတဲ့အခါ ဒီရေတော သစ်ပင်တွေကို စိုက်ပျိုးမှု ပိုများလာကြပါတယ်။
“No Mangrove, No Fishes” “ဒီရေတောမရှိရင် ငါးမရှိဘူး” ဆိုတဲ့အတိုင်း ရေချို၊ ရေငံစပ်မှာ ပေါက်ကြတဲ့ ဒီရေတောတွေက နေသတ္တဝါအများစုရဲ့ ပေါက်ဖွားရာဂေဟစနစ် ဖြစ်တာကြောင့် ဒီရေတောတွေ မရှိရင် နေသတ္တဝါတွေလည်း မျိုးတုံးပျောက်ကွယ်နိုင်ပြီး အစာကွင်းဆက်ကိုပါ ထိခိုက်နိုင်တယ်လို့ ဒီရေတောပညာရှင် ဦးဝင်းမောင်က ဆိုပါတယ်။
ဒါ့အပြင် ဒီရေတောတွေမရှိရင် ရေငံစိမ့်ဝင်မှုကို မထိန်းချုပ်နိုင်တဲ့အတွက် လယ်မြေတွေ ပျက်စီးနိုင်သလို ရေတိုက်စားမှုတွေကြောင့် မြစ် ချောင်း ကမ်းပြိုတာတွကိုလည်း ဖြစ်စေပါတယ်။
ဒီရေတောတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ
ထိန့်လန့်ဖွယ်ကောင်းလောက်အောင် ဆုံးရှုံးသွားခဲ့တဲ့ မြန်မာနိုင်ငံက ဒီရေတောတွေကို ပြန်ရှင်သန်လာအောင် နည်းပညာအကူအညီတွေနဲ့ ဒီရေသစ်တောတွေ ပြန်လည်စိုက်ပျိုးလို့ရပေမဲ့ သူတို့ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ကတော့ ခက်နေတုန်းပဲလို့ ပညာရှင်တွေက ဆိုပါတယ်။
အရေးပါလှတဲ့ ဒီရေတောတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရရဲ့ ဥပဒေစိုးမိုးမှုနဲ့ မူဝါဒပိုင်းတွေ အားနည်းသလို ဒီရေတောတွေ ပေါက်ရောက်တဲ့ဒေသက ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင် စောင့်ရှောက်မှုကလည်း အားနည်းတာကို တွေ့ရတယ်လို့ ဦးဝင်းမောင်က သုံးသပ်ထောက်ပြပါတယ်။
“ဒီလို ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတာကလည်း အဲဒီဒေသရဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်တာဆိုတော့ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်အောင်လုပ်ဖို့ အရေးကြီးသလို သူတို့ရဲ့ ဒီရေတောရဲ့ အရေးပါမှုအပေါ် သိရှိတဲ့ အသိပညာပိုင်းလည်း လိုအပ်တယ်လို့” သူက ဆိုပါတယ်။
ဒီရေတောနည်းတူ တခြားသဘာဝသယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါ အစိုးရအပြင် ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အများကြီးအရေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ နည်းပညာအကြံပေးက ဆိုပါတယ်။
“ဒီလိုကိုယ့်ဒေသက သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တာဟာ NUG အစိုးရ ဦးတည်နေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုလမ်းစဥ် အတိုင်း ပြည်သူတွေကလည်း ကိုယ့်ဒေသ၊ ကိုယ့်သယံဇာတဟာ ဘုံသဘောမျိုးမဖြစ်စေရဘဲ ကိုယ်သယံဇာတကို ကိုယ်တိုင်အသုံးချခွင့် ရှိသလို ကိုယ်တိုင်လည်း စောင့်ရှောက်ခွင့်ရှိတဲ့ ဖယ်ဒရယ်အရင်းမြစ်စနစ်နဲ့ ဖြစ်ဖို့ အရေးကြီးတယ်။ ဒါကို ဒေသခံတွေကလည်းသိရှိလက်ခံဖို့လိုတယ်”လို့ သူက အကြံပြုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင်ရှိ ဝန်ဗိုက်ဒီရေတောတွင် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ တိုက်ပွဲတွေကြောင့် တောကို ထိန်းသိမ်းစောင့်ရှောက်မယ့် တောင်ခေါင်း မရှိကြတဲ့အတွက် ဒေသခံ ကျေးရွာသူ၊ရွာသားတွေက ကိုယ်တိုင် တရားမဝင် သစ်ခုတ်နေသူတွေကို ဖမ်းဆီးခဲ့ကြတာဟာ အလွန်ကောင်းမွန်တဲ့ သာဓကတစ်ခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပြသွားပါတယ်။