ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ နောင်တရားမြို့မှာ လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ ကျောင်းနေအရွယ်ကလေး ၃၀၀ နီးပါးအတွက် ယာယီကျောင်းများဖွင့်ပြီး စာသင်ကြားပေးနေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူထံက သိရပါတယ်။
ကျောင်းသားတွေကို အုပ်စု ၄ စုခွဲပြီး သင်ကြားပေးနေတာဖြစ်ပြီး မူကြိုအရွယ်၊ သူငယ်တန်းကနေ ၄ တန်း၊ ၅ တန်းကနေ ၁၀ ဆိုပြီး အုပ်စု ၄ စုခွဲကာ တစ်ရက်ကို ၄ ကြိမ်နှုန်းနဲ့ တကြိမ်ကို ၄၅ မိနစ်ကြာ သင်ကြားပေးနေတာဖြစ်ပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူ တယောက်က “အဓိကကတော့ ကလေးတွေ စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင်နဲ့ သူတို့ အားလပ်ချိန်တွေမှာ စာပြန်နွှေးပေးတဲ့ သဘောပါ။”လို့ ပြောပါတယ်။
ကျောင်းသားတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတချို့ကို ရွာနီးဝန်းကျင်ရှိ စာရေးကိရိယာဆိုင်တွေက ထောက်ပံ့ပေးကြပြီး သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမကတော့ ၁၀ ယောက်ပဲ ရှိသေးတယ်လို့ သိပါတယ်။
ကရင်နီမြို့တော် လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး လေတပ်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူတွေ သောင်းချီ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။