မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေရဲ့ ဓာတ်ခွဲ နမူနာတွေထဲက မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှ ၄၂ ခုမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံသားအယောက် ၄၀ နဲ့ နိုင်ငံခြားသား ၂ ယောက်ပါဝင်ပြီး Relief Flight တွေနဲ့ ဝင်ရောက်လာသူတွေဖြစ်ကာ အိန္ဒိယနိုင်ငံက ၃၂ ယောက်၊ ယူအေးအီးနိုင်ငံက ၄ ယောက်၊ မလေးရှားနိုင်ငံက ၃ ယောက်နဲ့ ထိုင်းနိုင်ငံက ၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်၊ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်၊ ဇန်နဝါရီ ၁၂ ရက်မှာ အိန္ဒိယပြန်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်တို့မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက်ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူတွေမှာလည်း ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိနိုင်ငံ ၁၄၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူ ၁၁၀ ကျော် ရှိနေပြီဖြစ်ပါတယ်။